မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံး ဗုံးဖြင့် တိုက်ခိုက်ခံရပြီး နှစ်ထပ်ဆောင် ခေါင်မိုးပျက်စီး

မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံး ဗုံးဖြင့် တိုက်ခိုက်ခံရပြီး နှစ်ထပ်ဆောင် ခေါင်မိုးပျက်စီး
ရန်ကုန်မြို့ရှိ တရုတ် သံရုံးကို  တွေ့ရစဉ်
ရန်ကုန်မြို့ရှိ တရုတ် သံရုံးကို တွေ့ရစဉ်
Published 19 October 2024

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၊ မြို့သစ် ၁ ရပ်ကွက်၊ ၇၃ လမ်း၊ ၁၀၂ A လမ်းထောင့်ရှိ တရုတ်ကောင်စစ်ဝန်ရုံး အောက်တိုဘာ ၁၈ ရက် ညနေ ၅ နာရီကျော်ဝန်းကျင်ခန့်က ဗုံးဖြင့်တိုက်ခိုက်ခံရပြီးရုံးအတွင်းရှိ နှစ်ထပ်ဆောင် ခေါင်မိုး ပျက်စီးခဲ့ကြောင်း သိရှိရသည် ။

အဆိုပါ တရုတ်ကောင်စစ်ဝန်ရုံးအတွင်း ဗုံးဖြင့်တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက တရုတ်ကောင်စစ်ဝန်ရုံးအနီးရှိ လမ်းများကို ယာယီပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအတွင်း ဗုံးဖြင့်တိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိပေ။

ယင်း ဗုံးဖြင့်တိုက်ခိုက်မှုနှင့်ပတ်သက်၍ တယ်လီဂရမ်ချန်နယ်များတွင် တရုတ်ကောင်စစ်ဝန်ရုံးအတွင်းသို့ PDF များက ဗုံးဖြင့်ပစ်ဖောက် ထွက်ပြေးခြင်းဖြစ်သည်ဟု ရေးသားဖော်ပြလျက်ရှိသည်ကို တွေ့ရသည် ။

Exile မီဒီယာအချို့တွင် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအတွင်း ဗုံးဖြင့်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ပြည်သူ့စစ်များက လုပ်ဆောင်သည့်ပုံစံ ရေးသားဖော်ပြလျက်ရှိသည်ကိုတွေ့ရသည်။

ထိုသို့ လုံခြုံတင်းကျပ်ထားသဖြင့် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအား အနီးကပ်ပစ်ခတ်ရန်မှာခက်ခဲပြီး ဒရုန်းဖြင့်တိုက်ခိုက်မှုဖြစ်ဖွယ်ရှိကြောင်း မန္တ လေး ဒေသခံက တစ်ဦးကပြောကြားသည်။

"ပေါက်ကွဲသံ အကျယ်ကြီးကြားလိုက်တယ် ။ ပြီးမှသိတာက ကောင်စစ်ဝန်ရုံးကို ဗုံးနဲ့ ပစ်ပြေးတာ၊ ဆိုတော့ ဖြစ်နိုင်ပါ့မလားလို့တောင် တွေးမိသေးတယ် ။ ဘာလို့လဲဆိုတော့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ လုံခြုံရေးတွေ အမြဲရှိနေတာ " ဟု မန္တလေးမြို့ခံတစ်ဦးက ပြောကြားသည်။

အဆိုပါနေရာသည် လုံခြုံရေးတင်းကျပ်စွာချထားသည့်နေရာဖြစ်ပြီး ယခုဗုံးဖြင့်တိုက်ခိုက်မှုနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ရာတွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတွင် အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီခွဲဝန်းကျင်၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သဖြင့် တာဝန်ရှိသူလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကောင်စစ်ဝန်ချုပ်ရုံး နှစ်ထပ်ဆောင်၏ ခေါင်မိုးတွင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းတွေ့ရှိရ ကြောင်း ဖော်ပြထားသည်။

ထိုသို့ပေါက်ကွဲမှုကြောင့် ခေါင်မိုး ရေတလျှောက်အနီးရှိ အုတ်ကြွပ်အမိုး နှစ်ပေခန့် ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး လူနှင့် အခြားထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရ ကြောင်း၊လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းအရင်းအား စိစစ်လျက်ရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယခုကဲ့သို့ ကျူးလွန်ခဲ့သူများကို ဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်းနှင့် လိုအပ်သောလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

Most Read

Most Recent