ထိုင်းနိုင်ငံ ဆောက်လက်စ မီးရထားဥမင်လိုဏ်ခေါင်းပြိုကျမှုတွင် ပိတ်မိနေသူ သုံးဦးအနက် မြန်မာနိုင်ငံသား တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိ

ထိုင်းနိုင်ငံ ဆောက်လက်စ မီးရထားဥမင်လိုဏ်ခေါင်းပြိုကျမှုတွင် ပိတ်မိနေသူ သုံးဦးအနက် မြန်မာနိုင်ငံသား တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိ
Published 29 August 2024

ထိုင်းနိုင်ငံ ဆောက်လက်စ မီးရထားဥမင်လိုဏ်ခေါင်းပြိုကျမှုတွင် ပိတ်မိနေသူသုံးဦးအနက် မြန်မာနိုင်ငံသား တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

ထိုင်းအစိုးရ မီးရထား (SRT) မှ ကယ်ဆယ်ရေးသမားများနှင့် တရုတ်နိုင်ငံ Hunan Sunshine မှ အဖွဲ့တစ်ဖွဲ့သည် သြဂုတ် ၂၉ ရက် နံနက် ၁၁ နာရီတွင် ထရပ်ကားမောင်းသူ မြန်မာနိုင်ငံသား၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း SRT အုပ်ချုပ်ရေးမှူးရုံးအကြီးအကဲ Ekkarat Sriarayanpong ၏ ပြောကြားချက်အရ သိရသည်။

Nakhon Ratchasima အုပ်ချုပ်ရေးမှူး Chaiwat Chuenkosum က မြန်မာနိုင်ငံသား၏ အလောင်းအား ကုန်တင်ကားအနီး မြေသားပုံနှင့် ကျောက်တုံးများအောက်တွင် တွေ့ရှိခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။

သေဆုံးသူ မြန်မာနိုင်ငံသား၏ အမည်ကို အတည်မပြုနိုင်သေးကြောင်း၊ SRT အနေဖြင့် ၎င်း၏မိသားစုအား ကူညီရန် အသင့်ရှိကြောင်း Mr Ekkarat က ပြောကြားခဲ့သည်။

ထို့ပြင် ကျန်ရှိသူနှစ်ဦးမှာ တရုတ်လူမျိုးများဖြစ်ပြီး တစ်ဦးမှာ ဆောက်လုပ်ရေးကြီးကြပ်ရေးမှူးဖြစ်ကာ တစ်ဦးမှာ ယာဉ်မောင်းဖြစ်ကြောင်း၊ ၎င်းတို့နှင့် ပတ်သက်သည့် အရေးကြီးသည့်အခြေအနေများကို လက်ခံရရှိထားပြီး နောက်ထပ်အန့ံခံခွေးများနှင့် ဆက်လက်ရှာဖွေနေကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

သဘာဝဘေးတုံ့ပြန်ရေးအသင်းများ ထိုင်း (DRAT) က တရုတ်အင်ဂျင်နီယာအဖွဲ့သည် ပြိုကျသောဥမင်လိုဏ်ခေါင်း၏ဖွဲ့စည်းပုံကို အားဖြည့်ထားပြီး ကယ်ဆယ်ရေးသမားများ ဘေးကင်းစေရန်အတွက်ဖြစ်ကြောင်း သိရသည်။

ပြိုကျနေသည့် ဥမင်လိုဏ်ခေါင်းရှိ လမ်းကြောင်းပိတ်ဆို့နေသော ကျောက်တုံးများနှင့် မြေဆီလွှာများကို ရှင်းလင်းပြီးဖြစ်ပြီး မြေပြိုကျမှုကို စောင့်ကြည့်ရန်နှင့် ဘေးကင်းစေရန်အတွက် ဥမင်မျက်နှာကျက်တွင် အာရုံခံကိရိယာများ တပ်ဆင်ထားသည်။

အဆိုပါဥမင်လှိုဏ်ခေါင်းမှာ သြဂုတ် ၂၄ ရက်တွင် ပြိုကျခဲ့ခြင်းဖြစ်ပြီး ထရပ်ကားမောင်းနှင်သူမြန်မာနိုင်ငံသားနှင့် တရုတ်နိုင်ငံသားနှစ်ဦး စုစုပေါင်း သုံးဦးမှာ ပိတ်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါဥမင်လိုဏ်ခေါင်းသည် လာအိုနယ်နိမိတ်ချင်းထိစပ်နေသည့် ဘန်ကောက်နှင့် Nong Khai ပြည်နယ်ကြားတွင် တည်ဆောက်နေသည့် တရုတ်-ထိုင်း အမြန်ရထားလမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ပြိုကျမှုသည် Nakhon Ratchasima ခရိုင် Pak Chong ခရိုင် Tambon Chan Thuek ရှိ ခန်းနန်ချစ်ရထားဘူတာအနီးရှိ လိုဏ်ခေါင်းအဝင်ဝမှ ၁ ဒသမ ၅ ကီလိုမီတာခန့်အကွာတွင် စတင်ပြိုကျခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent