ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် နိုဝင်ဘာ ၁၉ ရက် ညပိုင်းက မိသားစုဝင် သုံး ဦး သတ်ဖြတ်ခံရကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
သတ်ဖြတ်ခံထားရသူများမှာ ဘုရားသုံးဆူမြို့၊ အမှတ် (၂) ရပ်ကွက်၊ လျှပ်စစ်ဝန်ထမ်းလိုင်းခန်းနေ အငြိမ်းစား လျှပ်စစ်ဝန်ထမ်း ဦးရခိုင်၊ သမီးဖြစ်သူ ကျောင်းဆရာမ ဒေါ်သိမ့်သိမ့်သူ နှင့် ဒေါ်သိမ့်သိမ့်သူ၏ သားဖြစ်သူ အသက် (၈) နှစ်အရွယ်ကျောင်းသားတစ်ဦးတို့ဖြစ်ကြကြောင်း ဒေသခံ တစ်ဦး ကပြောကြားသည်။
၎င်းကဆက်လက်ပြီး “မနေ့ (နိုဝင်ဘာလ (၁၉) ရက်) ရက်ညပိုင်းမှာ ဦးရခိုင် တို့ မိသားစု (၃) ဦးကို လူတစ်စု Honda Fit ကားနဲ့ဖမ်းဆီးခေါ်ဆောင်သွားကြတာလို့ သိရတယ်။ အဲ့ဒီအချိန်က မီးပျက်နေတဲ့အချိန်ဆိုတော့ ဘယ်သူတွေခေါ်သွားမှန်းမသိလိုက်ကြဘူး။ မနက်ကျတော့ ဦးရခိုင်ရော၊ သူ့သမီးရော၊ သူ့မြေးပါ (၃) ဦးလုံးရဲ့ အလောင်းတွေကို ဘုရားသုံးဆူမြို့အပြင်ဘက်၊ မက္ကသာကျေးရွာဘက်သွားတဲ့ ကားလမ်းဘေး ရော်ဘာခြံထဲမှာ လမ်းသွားလမ်းလာတွေက တွေ့မြင်ခဲ့ကြတာပါ” ဟု ပြောကြားသည်။
ဦးရခိုင်မှာ လည်ပင်းပြတ်လု အနေအထားဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်းနှင့် ဒေါ်သိမ့်သိမ့်သူတွင် ခန္ဓာကိုယ်အနှံ့ဓါးဒဏ်ရာများနှင့် ဒေါ်သိမ့်သိမ့်သူ ၏ အသက် (၈) နှစ်အရွယ်သားဖြစ်သူတွင် ဝမ်းဗိုက်၌ ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေကြသည်ကိုတွေ့ရှိကြရကြောင်း ၎င်းမြို့ခံက ဆိုသည်။
ဦးရခိုင် တို့ မိသားစု အား မည်သူများမှ သတ်ဖြတ်သွားသည်ကို မသိရသေးပေ။
ဇွန်လ (၆) ရက်နေ့ကလည်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို အမှတ် (၂) ရပ်ကွက်၊ ရေတွင်းလမ်းတွင်နေထိုင်သည့် ပန်းရောင်းသည့်အလုပ်လုပ်ကိုင်သူ အသက် (၃၀) နှစ်အရွယ်အမျိုးသားမှာ ဇနီးဖြစ်သူအား ဓါးဖြင့်ခုတ်သတ်ခဲ့ပြီးနောက်၊ မယားပါ ကလေး (၂) ဦးအား လမ်းအတွင်းရှိ ရေတွင်းထဲသို့ ပစ်ချသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးကြောင်း ဘုရားသုံးဆူမြို့ခံများထံမှ သိရသည်။