ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) အပြီး ကိန်းဂဏန်းများ

ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) အပြီး ကိန်းဂဏန်းများ
Photos: AFP & X
Photos: AFP & X
Published 20 November 2024
Taw Lynn

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲက ပွဲစဉ် (၁၁)  အပြီးပဲ ရှိသေးတာပါ။ ဒါပေမဲ့ ပရီးမီးယားလိဂ်ကတော့ ထုံးစံအတိုင်း အံ့သြစရာတွေ၊ ပြောစရာတွေ အများကြီး ရှိနေပါတယ်။ နည်းပြသစ် ဆလော့နဲ့ အမြင့်ပျံနေတဲ့ လီဗာပူးလ်၊ လေးနှစ်ဆက်ချန်ပီယံ မန်စီးတီးနဲ့ ချန်ပီယံဆုကို အဓိကစိန်ခေါ်မယ့်သူလို့ သတ်မှတ်ခံရတဲ့ အာဆင်နယ်တို့ရဲ့ ရုန်းကန်ရမှု၊ ရာသီသုံးပုံ တစ်ပုံမကျိုးခင်မှာတင် နည်းပြအပြောင်းအလဲဖြစ်ခဲ့တဲ့ မန်ယူ စတဲ့အကြောင်းအရာတွေနဲ့ ပြည့်နေတာပါ။ ဒါပေမဲ့ အချက်အလက်တွေနဲ့ ကိန်းဂဏန်းတွေက ဘာပြောလဲ။ ဒီရာသီရဲ့ တတိယမြောက် နိုင်ငံတကာရက်သတ္တပတ်ကို ဝင်ရောက်နေချိန်ဖြစ်လို့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ရပ်နားထားတဲ့ ဒီလိုအချိန်မျိုးမှာ ကိန်းဂဏန်းတွေအကြောင်းကို ပြောဖို့ အကောင်းဆုံးမဟုတ်လား . . .

 

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲက ပွဲစဉ် (၁၁)  အပြီးပဲ ရှိသေးတာပါ။ ဒါပေမဲ့ ပရီးမီးယားလိဂ်ကတော့ ထုံးစံအတိုင်း အံ့သြစရာတွေ၊ ပြောစရာတွေ အများကြီး ရှိနေပါတယ်။ နည်းပြသစ် ဆလော့နဲ့ အမြင့်ပျံနေတဲ့ လီဗာပူးလ်၊ လေးနှစ်ဆက်ချန်ပီယံ မန်စီးတီးနဲ့ ချန်ပီယံဆုကို အဓိကစိန်ခေါ်မယ့်သူလို့ သတ်မှတ်ခံရတဲ့ အာဆင်နယ်တို့ရဲ့ ရုန်းကန်ရမှု၊ ရာသီသုံးပုံ တစ်ပုံမကျိုးခင်မှာတင် နည်းပြအပြောင်းအလဲဖြစ်ခဲ့တဲ့ မန်ယူ စတဲ့အကြောင်းအရာတွေနဲ့ ပြည့်နေတာပါ။ ဒါပေမဲ့ အချက်အလက်တွေနဲ့ ကိန်းဂဏန်းတွေက ဘာပြောလဲ။ ဒီရာသီရဲ့ တတိယမြောက် နိုင်ငံတကာရက်သတ္တပတ်ကို ဝင်ရောက်နေချိန်ဖြစ်လို့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ရပ်နားထားတဲ့ ဒီလိုအချိန်မျိုးမှာ ကိန်းဂဏန်းတွေအကြောင်းကို ပြောဖို့ အကောင်းဆုံးမဟုတ်လား . . .

ကျပ်တည်းတဲ့ အမှတ်ပေးဇယားရပ်တည်မှု 

ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) အပြီးမှာ အမှတ်ပေးဇယားရပ်တည်မှုက အရမ်းကျပ်တည်းပါတယ်။ ပရီးမီးယားလိဂ်မှာ ခက်ခဲလှတဲ့ ရာသီအစနဲ့ ရင်ဆိုင်နေရပြီး အဆင့် (၁၃) ကို ရောက်နေတဲ့  မန်ယူအသင်းဟာ (၁၅) မှတ် ရရှိထားပါတယ်။ ဒါပေမဲ့ သူတို့ဟာ အဆင့် (၃)မှာ ရပ်တည်နေတဲ့ ချယ်လ်ဆီးအသင်း(၁၉ မှတ်)နဲ့ (၄)မှတ်ပဲ ကွာဟတာပါ။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပွဲစဉ် (၁၁) အပြီးမှာ အခုလို အမှတ်ပေးဇယားရပ်တည်မှုမျိုး တစ်ခါမှ မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီက ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) အပြီးမှာ အဆင့်(၃)က အသင်းနဲ့ အဆင့်(၁၃)က အသင်းရဲ့အမှတ် ကွာဟမှုဟာ (၁၁) မှတ် ရှိခဲ့ပြီး ၂၀၂၂-၂၃ ရာသီကဆိုရင် (၁၂)မှတ် အထိ ရှိခဲ့တာပါ။ ၂၀၂၁-၂၂ ရာသီမှာ အဆင့် (၃)က အသင်းနဲ့ အဆင့် (၁၃) က အသင်းရဲ့ အမှတ်ကွာဟမှုဟာ (၉)မှတ်ရှိခဲ့ပြီး ၂၀၂၁-၂၀ ရာသီမှာ (၈) မှတ်နဲ့ ၂၀၁၉-၂၀ ရာသီ မှာ (၁၀) မှတ် ရှိခဲ့ပါတယ်။  ဒီရာသီမှာ အဆင့် (၃)က အသင်းနဲ့ အဆင့် (၁၃) အသင်းက (၄) မှတ်ပဲ ကွာဟတာဟာ ထူးခြားမှုဖြစ်ပြီး အဆင့် (၂)က အသင်းနဲ့ အဆင့် (၆)က အသင်းရဲ့ အမှတ်ကွာဟ မှုဟာလည်း (၄) မှတ်ပဲ ရှိပါတယ်။ 

ဂိုးတွေ 

ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) အပြီး ကစားခဲ့တဲ့ ပွဲ (၁၁၀) မှာ သွင်းဂိုး (၃၁၄) ဂိုးအထိ ရှိခဲ့ပြီး တစ်ပွဲပျမ်းမျှသွင်းဂိုး (၂.၈၅) ဂိုး ရှိခဲ့တာပါ။  ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီက ပွဲစဉ် (၁၁)အပြီး တစ် ပွဲပျမ်းမျှသွင်းဂိုး (၃.၂၈) ဂိုးနဲ့ နှိုင်းယှဉ်ရင်တော့ ဒီရာသီမှာ ဂိုးသွင်းနှုန်းအနည်းငယ် ကျဆင်းသွားတယ်လို့ ဆိုနိုင်ပါတယ်။ ဒီရာသီဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ဒုတိယဂိုးသွင်းအများဆုံးရာသီဖြစ်ခဲ့တဲ့ ၂၀၂၂-၂၃ ရာသီက ပွဲစဉ် (၁၁) အပြီး တစ်ပွဲပျမ်းမျှသွင်းဂိုးနှုန်းနဲ့ တူညီနေတာပါ။ ပွဲစဉ်တစ်ခုပြီးတစ်ခု ဂိုးသွင်းနှုန်းက မြင့်တက်လာတဲ့ အနေအထားမှာ ရှိနေပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ ဂိုးသွင်းအများဆုံး (၅) ရာသီက ပြိုင်ပွဲရဲ့နောက်ဆုံး (၇) ရာသီကနေ လာတာဖြစ်ပါတယ်။  ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) အပြီးမှာ ဂိုးအများဆုံးသွင်းထားတဲ့ အသင်းက အဆင့် (၁၀)နေရာမှာ ရပ်တည်နေတဲ့ စပါးအသင်း (၂၃ ဂိုး)ဖြစ်ပြီး စပါးရဲ့နောက်မှာ မန်စီးတီးနဲ့ ဘရိုက်တန်အသင်းတွေက သွင်းဂိုး (၂၂) ဂိုးစီနဲ့ ပူးတွဲရပ်တည်နေပါတယ်။ 

လီဗာပူးလ်ရဲ့ ဦးဆောင်မှု

လီဗာပူးလ်အသင်းက ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)အပြီးမှာ ရမှတ် (၂၈)မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ (၉) ပွဲနိုင်၊ (၁) ပွဲသရေ၊ (၁) ပွဲရှုံးထားတာပါ။ ဒီရာသီမတိုင်ခင်က ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ ပွဲစဉ် (၁၁) အပြီး ရမှတ် (၂၈)နဲ့ အထက်ရတဲ့ အကြိမ် (၁၁) ကြိမ် ရှိခဲ့ဖူးပြီး အဲဒီထဲမှာ (၈) ကြိမ်က ရာသီအကုန်မှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲစဉ် (၁၁) အပြီး အဲဒီလိုရမှတ် (၂၈)မှတ်နဲ့အထက် ရပြီး ဗိုလ်မစွဲခဲ့တာက နယူးကာဆယ် (၁၉၉၄-၄၅ ရာသီနဲ့ ၁၉၉၅-၅၆ ရာသီ) နဲ့ အာဆင်နယ် (၂၀၂၂-၂၃ ရာသီ)တို့ပဲ ရှိပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံးရာသီအစကို ပိုင်ဆိုင်ခဲ့တဲ့အသင်းကတော့ လီဗာပူးလ်ပဲဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ နည်းပြ ယာဂန်ကလော့ပ်လက်ထက် ၂၀၀၉-၂၀ ရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) အပြီးမှာ (၁၀) ပွဲနိုင်၊ (၁)ပွဲသရေ ရလဒ်နဲ့ ရမှတ် (၃၁) မှတ်အထိ ရရှိခဲ့ပြီး ရာသီအကုန်မှာ ချန်ပီယံဆုကိုပါ ရယူနိုင်ခဲ့တာပါ။ 

Clean Sheet နဲ့ ဂိုးပေးရမှု

မန်ယူအသင်းအနေနဲ့ (၃၈) နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစနှင့်ရင်ဆိုင်နေရပေမဲ့ Clean Sheet နဲ့ ပတ်သက်ရင်တော့ အကောင်းဆုံးစွမ်း ဆောင်ထားတာပါ။ မန်ယူအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ် (၁၁) အပြီးမှာ Clean Sheet (၅)ပွဲအထိ ရထားပြီး သူတို့ထက် ပိုကောင်းတာ လီဗာပူးလ်အသင်း(၆ ပွဲ)ပဲ ရှိပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီက ပရီးမီးယားလိဂ်ပွဲစဉ် (၃၈)ပွဲမှာ Clean Sheet  (၉) ပွဲပဲ ရရှိခဲ့တာပါ။ မန်ယူရဲ့ မန်ချက်စတာမြို့ခံပြိုင်ဘက် မန်စီးတီးကတော့ ပေးဂိုးနဲ့ပတ်သက်ပြီး ရုန်းကန်နေပါတယ်။ မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) အပြီးမှာ (၁၃) ဂိုးအထိ ပေးထားရပြီး မန်ယူအသင်း(ပေးဂိုး ၁၂ ဂိုး)ထက် ပိုများနေသလို၊ Clean Sheet  လည်း (၂) ပွဲပဲ ရထားတာပါ။ ဒါဟာ မန်စီးတီးအသင်းသမိုင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) အပြီး Clean Sheet  အနည်းဆုံးဖြစ်တဲ့ ၂၀၁၆-၁၇ ရာသီ (Clean Sheet ၂ ပွဲ)နဲ့ တူညီခဲ့တာလည်း ဖြစ်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) အပြီး ခံစစ်ပိုင်းကိုကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီက အဆင့်(၆) အတွင်း ဝင်ခဲ့ကြတဲ့ မန်စီးတီး၊ အာဆင်နယ်၊ အက်စတွန် ဗီလာ၊ စပါးနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ၂၀၁၄-၁၅ ရာသီကစပြီး တစ်ပွဲပျမ်းမျှ တစ်ဂိုးနှုန်း ပိုပေးထားရတာပါ။ 

Set-pieces များ

အာဆင်နယ်ရဲ့ Set-pieces Specialist နီကိုလပ်စ်ဂျိုဗာ နာမည်ရလာပြီးနောက် ပရီးမီးယားလိဂ်မှာ Set-pieces တွေက Trend ဖြစ်လာတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ Set-pieces ကနေ သွင်းယူတဲ့ဂိုးတွေ လျော့ကျလာတယ်။ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ Set-pieces နည်းပြ ဂျိုဗာရဲ့လမ်းညွှန်မှုနဲ့အတူ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီကစပြီး အခုအချိန်အထိ ပရီးမီးယားလိဂ်မှာ Set-pieces ကနေ (၂၇) ဂိုး(ပယ်နယ်တီမပါ) သွင်းယူထားတာပါ။ အဲဒီပမာဏဟာ တခြားပရီးမီးယားလိဂ်အသင်းတွေထက် (၄) ဂိုးထိ ပိုများနေတာလည်း ဖြစ်ပါတယ်။ ထို့အတူ အာဆင်နယ်အသင်းဟာ အဲဒီကာလအတွင်း ထောင့်ကန်ဘောတွေကနေ (၁၉) ဂိုးအထိ ရခဲ့ပြီး ဒါကလည်း တခြားပရီးမီးယားလိဂ်အသင်းတွေထက် (၄) ဂိုး ပိုများနေတာပါ။ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) အပြီးမှာ Set-pieces က သွင်းယူထားတဲ့ ဂိုး(၂၀) ရာခိုင်နှုန်း(ပယ်နယ်တီ မပါ) ပါဝင်နေပြီး ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီက (၁၉.၈) ရာခိုင်နှုန်းထက် အနည်းငယ် ပိုများနေပါတယ်။ ဒါပေမဲ့ ၂၀၂၀-၂၁  ရာသီက Set-pieces ကနေ (၂၁.၇) ရာခိုင်နှုန်း အထိ သွင်းယူခဲ့တာ၊ ၂၀၂၂-၂၃ ရာသီက (၂၁.၃) ရာခိုင်နှုန်း သွင်းယူခဲ့တာနဲ့ ဆယ်စုနှစ်တစ်ခုကျော် ဖြစ်တဲ့ ၂၀၁၄-၁၅ ရာသီက (၂၃.၂) ရာခိုင်နှုန်းထိ သွင်းယူခဲ့တာတွေနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် ဒီရာသီမှာ Set-pieces ကနေ သွင်းယူတဲ့ ဂိုးတွေ လျော့ကျလာတာကို တွေ့ရမှာပါ။ ဒီရာသီဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် Set-pieces ကနေ ဂိုးသွင်းယူမှု တတိယအနည်းဆုံးရာသီဖြစ်ပြီး ပွဲစဉ် (၁၁) အပြီးမှာ Set-pieces ကနေ ဂိုး သွင်းယူမှုအနည်းဆုံးရာသီကတော့ ၂၀၂၀-၂၁ ရာသီဖြစ်ပြီး သွင်းဂိုးအားလုံးရဲ့ (၁၉.၂) ရာခိုင်နှုန်း ပဲ ရှိခဲ့တာပါ။ 

Comeback King များ

ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) အပြီးမှာ အကြီးအကျယ်တိုးတက်လာတာကတော့ Comeback တွေပါ။ ဒီရာသီ ပရီးမီးယားလိဂ်မှာ အနည်းဆုံး (၁) ဂိုး သို့မဟုတ် (၁) ဂိုးနဲ့အထက် ရှုံးနိမ့်နေရာကနေ ပြန်လည်အနိုင်ရတဲ့ပွဲ (၂၄) ပွဲ အထိ ရှိခဲ့ပါတယ်။ ဒါဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် (၁၁) အပြီး ကစားခဲ့တဲ့ ပွဲပေါင်း (၁၁၀) မှာ (၂၁) ရာခိုင်နှုန်းကျော်အထိ ရှိနေတာလည်း ဖြစ်ပါတယ်။ အဲဒီပမာဏဟာ ၂၀၂၁-၂၂ ရာသီက (၁၁.၆) ရာခို်င်နှုန်း၊ ၂၀၂၂-၂၃ ရာသီက (၁၅) ရာခိုင်နှုန်း၊ ၂၀၂၃-၂၄ ရာသီက (၁၆.၆) ရာခိုင်နှုန်းတို့ထက် ပိုမြင့်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အမြင့်ဆုံးဖြစ်နေတာပါ။ တကယ်လို့ ဒီရာသီလက် ကျန်ပွဲတွေမှာ အဲဒီလို Comeback နိုင်ပွဲတွေ မြင့်တက်နေမယ်ဆိုရင် ရာသီအကုန်မှာ စံချိန်သစ် တင်နိုင်မှာ သေချာပါတယ်။ 

Most Read

Most Recent