ဂျပန်နိုင်ငံ၌ ဖွင့်လှစ်နေသည့် ပရိုနည်းပြလိုင်စင်သင်တန်းကို ဒေါ်စန်းစန်းသိန်း တက်ရောက်နေပြီး မြန်မာဘောလုံးသမိုင်းတွင် ပထမဆုံး ပရိုနည်းပြလိုင်စင် သင်တန်းတက်ရောက်ခွင့်ရသူအဖြစ် မှတ်တမ်းဝင်

ဂျပန်နိုင်ငံ၌ ဖွင့်လှစ်နေသည့် ပရိုနည်းပြလိုင်စင်သင်တန်းကို ဒေါ်စန်းစန်းသိန်း တက်ရောက်နေပြီး မြန်မာဘောလုံးသမိုင်းတွင် ပထမဆုံး ပရိုနည်းပြလိုင်စင် သင်တန်းတက်ရောက်ခွင့်ရသူအဖြစ် မှတ်တမ်းဝင်
Photo: MFF
Photo: MFF
Published 19 October 2024

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း လက်ထောက်နည်းပြနှင့် အား/ကာသိပ္ပံ အမျိုးသမီးအသင်း လက်ထောက်နည်းပြ ဒေါ်စန်းစန်းသိန်းသည် ဂျပန်နိုင်ငံ၌ ဖွင့်လှစ်နေသည့် ပရိုနည်းပြလိုင်စင်သင်တန်း တက်ရောက်လျက်ရှိပြီး အောက်တိုဘာ ၁၆ ရက် တွင် ထွက်ခွာသွားကြောင်း သိရသည်။

ပရိုနည်းပြလိုင်စင်သင်တန်းဖြစ်သောကြောင့် သင်တန်းကာလမှာ တစ်နှစ်ခွဲဝန်းကျင် ကြာမြင့်မည်ဖြစ်ပြီး ယင်းကာလအတွင်း ဂျပန်နိုင်ငံသို့ ခုနစ်ကြိမ်မှ ၁၀ ကြိမ်အထိသွား ရောက်၍ သင်တန်းတက်ရောက်ရမည်ဖြစ်သည်။ ဒေါ်စန်းစန်းသိန်းသည် မြန်မာဘော လုံးသမိုင်းတွင် ပထမဆုံး ပရိုနည်းပြလိုင်စင် သင်တန်းတက်ရောက်ခွင့်ရသူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး စာတွေ့၊ လက်တွေ့သင်ကြားမှုများအပြင် စာမေးပွဲဖြေဆိုအောင်မြင်မှသာ ပရိုနည်းပြလိုင်စင်ရရှိမည်ဖြစ်သည်။

ယင်းသင်တန်းကို အာရှဘောလုံးအဖွဲ့ချုပ် (AFC) နှင့် ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး AFC အနေဖြင့် အာရှဒေသတွင်း အမျိုးသမီးဘောလုံးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပရိုနည်းပြလိုင်စင် ရရှိသူများ ထွက်ပေါ်လာစေရန် ဆောင်ရွက် ပေးခြင်းဖြစ်သည်။ သင်တန်းကြေးကို အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တို့ ပူးပေါင်းကျခံခြင်းဖြစ်ပြီး ဒေါ်စန်းစန်းသိန်း၏ ခရီးသွားလာမှုကုန်ကျစရိတ်များနှင့် အခြားကုန်ကျစရိတ်များကိုမူ MFF က ကျခံပေးမည်ဖြစ်သည်။

"ဒေါ်စန်းစန်းသိန်းတက်ရောက်နေတဲ့ ပရိုနည်းပြလိုင်စင်သင်တန်းက တစ်နှစ်ခွဲဝန်း ကျင်လောက် ကြာမြင့်မှာပါ။ နှစ်လတစ်ကြိမ်လောက် သင်တန်းသွားတက်ရမှာဖြစ်ပြီး တစ်ခါသွားရင် နှစ်ပတ်ကြာမြင့်မှာဖြစ်ပါတယ်။ သင်တန်းကာလ တစ်နှစ်ခွဲဝန်းကျင်အတွင်းမှာ ဒါမျိုး ခုနစ်ကြိမ်ကနေ ၁၀ ကြိမ်လောက်အထိ သင်တန်းသွားတက်ရမှာဖြစ်ပါတယ်။ စာတွေ့၊ လက်တွေ့သင်ကြားမှုတွေ၊ စာမေးပွဲဖြေဆိုမှုတွေပြုလုပ်ပြီး စာမေးပွဲအောင်မြင်ပြီးမှ ပရိုနည်းပြလိုင်စင်ရရှိမှာပါ"ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းအောင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အနေဖြင့် နည်းပြလိုင်စင်များအနက် အမြင့်ဆုံးဖြစ်သည့် ပရိုနည်းပြလိုင်စင်သင်တန်းကို ရန်ကုန်မြို့၌ လာမည့်နှစ်အတွင်း ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး မြန်မာနိုင်ငံ၌ ဖွင့်လှစ်မှသာ အမျိုးသားနည်းပြများ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent