ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန် ပွဲကြိုသုံးသပ်ချက်

ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန် ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 14 November 2024

ဗင်နီဇွဲလား နှင့် ဘရာဇီးလ် (မြန်မာစံတော်ချိန် သောကြာနံနက် ၃း၃၀ နာရီ)

ဘရာဇီးလ်အသင်းက ပြီးခဲ့တဲ့လမှာကစားခဲ့တဲ့ ခြေစစ်ပွဲ နှစ်ပွဲစလုံး အနိုင်ကစားခဲ့တယ်။ အခု နိုဝင်ဘာရက်သတ္တပတ်မှာ ဗင်နီစီယပ်စ် ပြန်ပါလာပေမဲ့ ရိုဒရီဂို ဒဏ်ရာရသွားလို့ လူစာရင်းကနေ နုတ်ထွက်ခဲ့ကာ ဆာဗင်ညိုလည်း ကစားဖို့ မသေချာဘူး။  ဘရာဇီးလ်ပြည်တွင်းလိဂ်မှာ ခြေစွမ်းပြနေပြီး လာမယ့်ရာသီမှာ ချယ်လ်ဆီးရောက်မယ့် ကြယ်ပွင့် အီစတယ်ဗိုကို ပွဲထွက်ခွင့်ပေးတာမျိုးတွေ ရှိလာနိုင်တယ်။ ဗင်နီဇွဲလားအသင်းကတော့ နောက်ဆုံးကစားထားတဲ့ ခြေစစ်ပွဲ (၆)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ (၃)ပွဲဆက် သရေကစားခဲ့ပြီး (၅)ပွဲစလုံး ရှုံးပွဲမရှိခဲ့တာကိုတော့ ထည့်တွက်ရမယ်။ သရေကျတဲ့ပွဲတွေက အီကွေဒေါ၊ ဥရုဂွေး၊ အာဂျင်တီးနားအသင်းတွေနဲ့ ကစားရတာဖြစ်လို့ ဗင်နီဇွဲလားရဲ့အိမ်ကွင်းမာကျောမှုကို ဖော်ပြနေတယ်။ ဘရာဇီးလ် ဂိုးမပြတ်လောက်ဘူး။

ပါရာဂွေး နှင့် အာဂျင်တီးနား (မြန်မာစံတော်ချိန် သောကြာနံနက် ၆းဝ၀ နာရီ)

အာဂျင်တီးနားအသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ ခြေစစ်ပွဲမှာ မက်ဆီက ဟက်ထရစ်သွင်းယူထားတယ်။ မေဂျာလိဂ်ပြိုင်ပွဲ Play-offs ပထမအဆင့်ကနေ မထင်မှတ်ဘဲ လှည့်ပြန်ခဲ့ရတဲ့ မက်ဆီအနေနဲ့ ကလပ်ရာသီ ပြီးဆုံးသွားပြီဖြစ်လို့ နိုင်ငံအသင်းဘက်ကို ပိုအာရုံစိုက်နိုင်မလား စောင့်ကြည့်ရမယ်။ ဘိုလစ်ဗီးယားနဲ့ပွဲမှာ နည်းပြ စကာလိုနီက တိုက်စစ်မှာ မက်ဆီ၊ လော်တာရိုမာတီနက်ဇ်နဲ့ အယ်လ်ဗာရက်ဇ်တို့ တိုက်စစ်သုံးဦးအတွဲကို ပွဲထုတ်ခဲ့ပြီး အခုပွဲမှာလည်း အလားတူ ထုတ်သုံးလာနိုင်တယ်။ ပါရာဂွေးကွင်းကတော့ အာဂျင်တီးနားအတွက် စိန်ခေါ်မှုမြင့်မားပြီး ခြေစစ်ပွဲ နှစ်ပွဲဆက် သရေကျထားခဲ့တယ်။ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာခြေစစ်ပွဲတွေမှာ ပါရာဂွေး ခြေတက်လာလို့ အာဂျင်တီးနား မလွယ်လောက်ဘူး။ ပါရာဂွေးနဲ့ စွန့်စားတာပိုကောင်းမယ်။

အီကွေဒေါ နှင့် ဘိုလစ်ဗီးယား (မြန်မာစံတော်ချိန် သောကြာနံနက် ၆း၃၀ နာရီ)

ဘိုလစ်ဗီးယားအသင်းက နောက်ဆုံးပွဲမှာ အာဂျင်တီးနားကို ဂိုးဒါဇင်ဝက်အထိ ပေးခဲ့ရပေမဲ့ ခြေစွမ်းပိုင်းကတော့ ပြိုင်ဘက်အသင်း သတိထားစရာ ဖြစ်လာတယ်။ အီကွေဒေါအသင်းကတော့ ရလဒ်ပိုင်း အနည်းငယ်ကျဆင်းနေတာ တွေ့ရတယ်။  အီကွေဒေါခံစစ်နဲ့ ကွင်းလယ်က အရည်အသွေးမြင့်မားသူတွေရှိပေမဲ့ တိုက်စစ်ကတော့ (၃၅)နှစ်ရှိပြီဖြစ်တဲ့ အန်နာဗလင်စီယာလို ကစားသမားကို အားကိုးနေရဆဲပါပဲ။ အီကွေဒေါက နောက်ဆုံးတွေ့ဆုံမှု (၇)ပွဲဆက် အနိုင်ရထားတယ်။ ဒါပေမဲ့ အိမ်ရှင်အသင်း ဘိုလစ်ဗီးယားကို (၃)ဂိုးပြတ်ဖို့ မလွယ်ဘူး။

Most Read

Most Recent