ဟားမာ့စ်ခေါင်းဆောင်သေဆုံးမှုသည် တော်လှန်ရေးမဟာမိတ်အင်အားစုကို ရပ်တန့်စေမည်မဟုတ်ကြောင်း အီရန်ခေါင်းဆောင် ပြောကြား

ဟားမာ့စ်ခေါင်းဆောင်သေဆုံးမှုသည် တော်လှန်ရေးမဟာမိတ်အင်အားစုကို ရပ်တန့်စေမည်မဟုတ်ကြောင်း အီရန်ခေါင်းဆောင် ပြောကြား
Published 19 October 2024

ဟားမာ့စ်အဖွဲ့ခေါင်းဆောင် ယာယာဆင်ဝါ သေဆုံးမှုသည် တော်လှန်ရေးမဟာမိတ်အင်အားစုနှင့် ဟားမာ့စ်အဖွဲ့၏ လှုပ်ရှားမှုကို ရပ်တန့်စေလိမ့်မည်မဟုတ်ကြောင်း အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီက အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

"သူ့ရဲ့ ဆုံးရှုံးမှုဟာ တော်လှန်ရေးမဟာမိတ်အင်အားစုအတွက် နာကျင်စရာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်ဟာ အထင်ကရ အာဇာနည်ခေါင်းဆောင်တွေနဲ့အတူ လှုပ်ရှားမှုတွေကို ရပ်တန့်စေမှာမဟုတ်ပါဘူး။ ဟားမာ့စ်အဖွဲ့ဟာ ဆက်လက်တည်ရှိနေပြီး ဆက်လက်လှုပ်ရှားသွားမှာပါ" ဟု ခါမေနီက ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးကို တိုက်ခိုက်ခဲ့သည့် ဟားမာ့စ်အဖွဲ့ကို ကြိုးကိုင်သူ ဆင်ဝါသည် အောက်တိုဘာ ၁၆ ရက်က အစ္စရေးတပ်ဖွဲ့များနှင့် ပစ်ခတ်တိုက်ခိုက်မှုတွင် သေဆုံးသွားခဲ့ပြီး ၎င်းသေဆုံးသည့်သတင်းကို အစ္စရေးစစ်တပ်က အောက်တိုဘာ ၁၇ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

"သူဟာ တော်လှန်ရေးနဲ့ ကြိုးပမ်းအားထုတ်မှုရဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပါတယ်။ ခိုင်မာတဲ့ဇွဲလုံ့လနဲပအတူ သူဟာ ဖိနှိပ်တဲ့ရန်သူကို ဆန့်ကျင်ခဲ့သူဖြစ်ပါတယ်" ဟု ခါမေနီက ပြောကြားခဲ့သည်။

ဆင်ဝါသည် ဇူလိုင်လအတွင်းက အီရန်၏မြို့တော် တီဟီရန်တွင် ယခင်ဟားမာ့စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယာ သေဆုံးခဲ့ပြီးနောက် ဟားမာ့စ်အဖွဲ့၏ အကြီးအကဲသစ် ဖြစ်လာခဲ့သည်။

ဟာနီယာသေဆုံးမှုအတွက် အစ္စရေးကို ဝေဖန်ခဲ့ကြသော်လည်း အစ္စရေးကမူ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ခံထွက်ဆိုခဲ့ခြင်းမရှိပေ။

Ref: CNA

Most Read

Most Recent