မာရက်စကာအတွက် စိန်ခေါ်မှုအစစ်တွေ လာပြီ

မာရက်စကာအတွက် စိန်ခေါ်မှုအစစ်တွေ လာပြီ
Photos: AFP
Photos: AFP
Published 19 October 2024
Wai Yan Aung

အခုတစ်ပတ်ကစပြီး ရင်ဆိုင်ရမယ့် ပွဲကျပ်ကာလကို အထိအခိုက်နည်းနည်းနဲ့ ကျော်ဖြတ်နိုင်မှသာ မာရက်စကာအနေနဲ့ စစ်မှန်တဲ့ အရည်အသွေးကို ပြသနိုင်မှာပါ။ ချယ်လ်ဆီးအသင်းက နိုဝင်ဘာလ ပြိုင်ပွဲတဖြတ်နားချိန်အထိ ပွဲကျပ်တွေ တောက်လျှောက်ယှဉ်ပြိုင်သွားရမှာပါ။ ဒီကာလအတွင်းမှာ ပရီးမီးယားလိဂ်အပြင် လိဂ်ဖလားနဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲတွေလည်း ရှိနေတာကြောင့် တခြားပရီးမီးယားလိဂ်ထိပ်သီးတွေလိုပဲ ၃ ရက်တစ်ပွဲနှုန်းလောက် ယှဉ်ပြိုင်သွားရမှာပါ။ ဒီခေတ်ဘောလုံးလောကမှာ ဒီလိုနှုန်းထားနဲ့ ယှဉ်ပြိုင်ကစားရတာ မထူးဆန်းတော့ဘူးလို့ ဆိုနိုင်ပေမဲ့ အဲဒီလို ပွဲဆက်များနေချိန်မှာ ရင်ဆိုင်ရမယ့်အသင်းတွေက ပြိုင်ဘက်ကောင်းတွေ ဖြစ်နေခဲ့ရင်တော့ နည်းပြတွေအနေနဲ့ ချွေးပြန်ချင်စရာပါပဲ။ အခု မာရက်စကာ ချွေးစို့နေလောက်ပါပြီ။ အောက်တိုဘာ ၂၀ ကနေ နိုဝင်ဘာ ၁၀ ရက်အတွင်းမှာ ချယ်လ်ဆီးအသင်း ယှဉ်ပြိုင်ရမယ့် ပွဲစဉ် ၇ ပွဲရှိပြီး ပြိုင်ဘက်တွေက လီဗာပူးလ်၊ ပင်နယ်သီနေကော့စ်၊ နယူးကာဆယ်၊ မန်ယူ၊ နိုအာနဲ့ အာဆင်နယ်တို့ ဖြစ်ပါတယ်။ နယူးကာဆယ်ကို ပရီးမီးယားလိဂ်မှာရော လိဂ်ဖလားမှာပါ နှစ်ပွဲဆက်ရင်ဆိုင်ရမှာပါ။ စိုးရိမ်စရာအကောင်းဆုံးက ပရီးမီးယားလိဂ်မှာ ထိပ်သီးပြိုင်ဘက် ၄ သင်းနဲ့ ဆက်တိုက်ယှဉ်ပြိုင်သွားရမယ့် အခြေအနေပါပဲ။

 

Most Read

Most Recent