ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် ချောက်မြို့နှင့် မကွေးမြို့ ပါဝင်လာ၊ မုတ်သုံမဝင်မီ အပူဒဏ်ကို ခံစားရမည်ဟု မိုးလေဝသလေ့လာသူအချို့ ပြောကြား

ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် ချောက်မြို့နှင့် မကွေးမြို့ ပါဝင်လာ၊ မုတ်သုံမဝင်မီ အပူဒဏ်ကို ခံစားရမည်ဟု မိုးလေဝသလေ့လာသူအချို့ ပြောကြား
Published 15 May 2024

ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် ချောက်မြို့နှင့် မကွေးမြို့ ပါဝင်လာ၊ မုတ်သုံမဝင်မီ အပူဒဏ်ကို ခံစားရမည်ဟု မိုးလေဝသလေ့လာသူအချို့က ပြောကြားသည်။

အပူချိန်နှင့် မိုးရွာသွန်းမှုအခြေအနေများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိသည့် Eldorado weather ၏ မေ ၁၅ ရက်တွင် ဖော်ပြထားသည့်ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မကွေးတိုင်းဒေသကြီး ချောက်မြို့နှင့် မကွေးမြို့တို့မှာ ပြန်လည်ပါဝင်လာသည်ကို တွေ့ရသည်။

မေ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ထုတ်ပြန်ချက်အရ ချောက်မြို့မှာ ၄၄ ဒသမ ၄ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့် ၈ ဖြင့်လည်းကောင်း၊ မကွေးမြို့မှာ ၄၄ ဒသမ ၁ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့် ၁၁ နေရာတွင်လည်းကောင်း ရပ်တည်လျက်ရှိသည်ကို တွေ့ရသည်။

ဧပြီလ တစ်လလုံးနီးပါး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ မြို့များဖြစ်သည့် ချောက်မြို့၊ မကွေးမြို့၊ မင်းဘူမြို့ အစရှိသည့်မြို့များမှာ ကမ္ဘာ့အပူဆုံးမြို့များတွင် ဆက်တိုက်ပါဝင်ခဲ့သော်လည်း မေလဆန်းပိုင်းတွင် မိုးရွာသွန်းမှု များရှိလာသဖြင့် အပူဆုံးမြို့များတွင် ပါဝင်ခြင်းမရှိရာမှ မေ ၁၄ ရက်မှ စတင်ကာ ချောက်မြို့မှာ ပြန်လည်ပါဝင်လာခဲ့သည်။

မေ ၁၅ ရက်တွင်မူ အဆိုပါစာရင်းတွင် မကွေးမြို့မှာ ထပ်တိုးလာခဲ့ပြီး ကမ္ဘာ့အပူဆုံးမြို့စာရင်းတွင် မြန်မာနိုင်ငံမှ မြို့နှစ်မြို့အထိ ပါဝင်လာခြင်းဖြစ်သည်။

မိုးလေဝသလေ့လာသူတစ်ဦးဖြစ်သည့် ဦးဝင်းနိုင်ကလည်း မုတ်သုံရာသီမဝင်မီတွင် အပူဒဏ်ကို သတိထားနေထိုင်ရမည်ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

“မုန်တိုင်းဖြစ်တာကမသေချာသေး။ မုတ်သုံဝင်လာဖို့လဲ ၁၀ ရက်လောက် လိုနေသေးတယ်။ လောလောဆယ် ပြန်ပြီးအာရုံစိုက် သတိထားကြရမဲ့ မိုးလေဝသအခြေအနေက တကျော့ပြန် အပူချိန်တွေ လာမဲ့တပတ် တနင်္ဂနွေနေ့ (မေလ ၁၉ ရက်အထိ) မြင့်တက်လာဦးမဲ့အရေးဘဲ။ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေထဲက မြို့နယ်အချို့မှာ အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာဦးမယ်၊ မိုးကလဲ မစို့မပို့ ရွာထားတော့ စိုထိုင်းဆတွေက မြင့်နေမယ်။ စိုထိုင်းဆတွေ မြင့်နေတော့ ခံစားရတဲ့ အပူချိန်က ၄၄ ဒီဂရီစင်တီဂရိတ်ထက် ကျော်တဲ့နေရာတွေ ကျော်လာဦးမယ်လေ” ဟု ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ လာမည့်နှစ်ရက်အတွင်း မြန်မာနိုင်ငံ၏ ဒေသအချို့တွင် နေ့အပူချိန်များ အနည်းငယ်တိုးလာမည်ဟု ခန့်မှန်းထားသည်။

Most Read

Most Recent