သံလွင်မြစ်ရေ မှာ ဘားအံမြို့ စိုးရိမ်ရေအမှတ်ကို စံချိန်တင် ကျော်လွန်နေသည့်အတွက် ဘားအံမြို့ပေါ် ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေ

သံလွင်မြစ်ရေ မှာ ဘားအံမြို့ စိုးရိမ်ရေအမှတ်ကို စံချိန်တင် ကျော်လွန်နေသည့်အတွက် ဘားအံမြို့ပေါ် ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေ
Published 14 September 2024

 

သံလွင်မြစ်ရေမှာ ဘားအံမြို့၏ စိုးရိမ်ရေအမှတ်အား စံချိန်သစ်တင်ကျော်လွန်နေသည့်အတွက်ကြေင့် ဘားအံမြို့ပေါ်ရပ်ကွက်အကုန်နီးပါး ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများ နှင့်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

စက်တင်ဘာ ၁၃  ရက်  ည ၆  နာရီခွဲ  တိုင်းထွာချက်အရ သံလွင်မြစ်ရေမှာ ဘားအံမြို့၏ စိုးရိမ်ရေအမှတ်ဖြစ်သော (၇၅၀) စင်တီမီတာအား ကျော်လွန်ကာ (၉၅၄) စင်တီမီတာသို့ ကျော်လွန်ရောက်ရှိခဲ့သည့်အပြင် ယနေ့ စက်တင်ဘာ ၁၄  ရက်  နံနက် ၆ နာရီခွဲ တွင်  (၉၆၈) စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရသည်။

ထိုသို့ သံလွင်မြစ်ရေမှာ စံချိန်သစ်တင်မြင့်တက်လာနေမှုကြောင့် ဘားအံမြို့ ကုန်းမြင့်ပိုင်း နေရာအချို့မှလွှဲ၍ ဘားအံတစ်မြို့လုံးနီးပါး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း ဘားအံမြို့ခံပြည်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဘားအံတစ်မြို့နီးပါးကို ရေကကြီးနေပါပြီး။ အဲ့ဒီအပြင်ကို လမ်းပန်းဆက်သွယ်ရေးကလည်း ပြတ်တောက်ကုန်တယ်။ မြို့ထဲလမ်းတွေကနေ သွားလို့လာလို့ အဆင်မပြေတော့ဘူး။ အရင် ရေမကျော်တဲ့လမ်းတွေလည်း အကုန်ရေကျော်ကုန်ပြီး။ ရန်ကုန်ဘက်ကိုထွက်မယ့် ကားတွေလည်း ထွက်မရတော့သလို၊ မော်လမြိုင်ဘက်ကိုလည်း ကားတွေသွားလာလို့ မရတော့ဘူး” ဟု ပြောကြားသည်။

သံလွင်မြစ်ရေမှာ ဘားအံမြို့အတွင်းသို့ အရှိန်ဖြင့် စီးဝင်နေသည့်အတွက်ကြောင့် တချို့ရပ်ကွက်များတွင် ညတွင်းချင်း ပြောင်းရွှေ့မှုများလုပ်ဆောင်နေကြရကြောင်းလည်း ၎င်းမြို့ခံက ဆိုသည်။

စက်တင်ဘာ ၁၄ ရက်  နံနက် ၆ နာရီခွဲ တိုင်းထွာချက်များအရ သံလွင်မြစ်ရေမှာ (၉၆၈) စင်တီမီတာသို့ ကျော်လွန်ရောက်ရှိနေသည့်အပြင် ရေလည်းထပ်တိုးနေသည့်အတွက်ကြောင့် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေနိုင်ကြောင်းလည်း ဘားအံဒေသခံများ၏ သုံးသပ်ပြောကြားချက်များအရ သိရသည်။

ထို့အပြင် ကရင်ပြည်နယ်အတွင်းရှိ သံလွင်မြစ်ကမ်းဘေး မြို့ရွာများဖြစ်သည့် ရွှေဂွန်း၊ ကမမောင်း အစရှိသည့်မြို့များတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့်အပြင် ဘားအံမြို့အနောက်ဘက်ကမ်းရှိ မြိုင်ကလေးကျေးရွာအုပ်စုအတွင်းတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

မြိုင်ကလေးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအတွင်းသို့ သံလွင့်မြစ်ရေစီးဝင်နေသည့်အတွက်ကြောင့် ပဲကုန်းကွက်သစ်အပိုင်း၊ ရေကျော်ကျေးရွာ အစရှိသည့် ကျေးရွာများအတွင်းမှ ပြည်သူများအား စက်တင်ဘာလ (၁၃) ရက်နေ့ညပိုင်းက ညတွင်းချင်းကယ်ဆယ်ရေးများလုပ်ဆောင်ကာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အခု သံလွင်မြစ်ရေက စံချိန်သစ်တွေတင်နေတယ်ဆိုတော့ ဘားအံမြို့နယ်တစ်ခုလုံးလိုလိုမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေပါတယ်။ လတ်တလောမှာတော့ ရေဘေးသင့်ပြည်သူတွေကို ဘေးလွတ်ရာကို ကယ်ဆယ်ပို့ဆောင်ပေးနေပါတယ်။ နောက်ပိုင်းမှတော့ စားရေးသောက်ရေးကိစ္စတွေကို ဆက်လက်ပြီးလုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

လက်ရှိတွင်လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ဒေသခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၊ မြို့ခံပြည်သူများမှ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက် နံနက် (၆) နာရီခွဲအချိန်တိုင်းထွာချက်များအရ သံလွင်မြစ်ရေမှာ ဘားအံမြို၏ စိုးရိမ်ရေအမှတ်ဖြစ်သော (၇၅၀) စင်တီမီတာ ၏ အထက် (၉၅၁) စင်တီမီတာအထိရောက်ရှိခဲ့ပြီး၊ ယင်း (၉၅၁) စင်တီမီတာမှာ (၂၀၁၈) ခုနှစ် ဇူလိုင်လ (၃၀) ရက်နေ့က အမြင့်ဆုံးရောက်ရှိခဲ့သည့် ရေအမှတ်ဖြစ်သည့် (၉၃၈) စင်တီမီတာအား ကျော်လွန်ကာ စံချိန်သစ်တင်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအပြင် လက်ရှိ စက်တင်ဘာလ (၁၄) ရက်နေ့နံနက်ပိုင်းတွင် သံလွင်မြစ်ရေမှာလည်း ဘားအံမြို့၏ စိုးရိမ်ရေအမှတ်ဖြစ်သည့် (၇၅၀) စင်တီမီတာကိုကျော်လွန်ကာ (၉၆၈) စင်တီမီတာ သို့ရောက်ရှိနေသည့်အတွက် စံချိန်သစ်အဖြစ် ထပ်မံတင်ရှိခဲ့ခြင်းဖြစ်ကြောင်း နှင့်လက်ရှိတွင်လည်း သံလွင်မြစ်ရေမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

သတင်း - ဘိုဘိုမြင့်

Photo - ကိုမိုးမြင့်ထက်

Most Read

Most Recent