နေပြည်တော်အတွင်း ရေကြီးမှုများကြောင့် ပျက်စီးသွားသည့် တံတားအချို့အား ယာယီသံဘောင်တံတားထိုး၍ ပြန်လည်ပြင်ဆင်ခြင်းနှင့် လမ်းများအား ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေ

နေပြည်တော်အတွင်း ရေကြီးမှုများကြောင့် ပျက်စီးသွားသည့် တံတားအချို့အား ယာယီသံဘောင်တံတားထိုး၍ ပြန်လည်ပြင်ဆင်ခြင်းနှင့် လမ်းများအား ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေ
Published 14 September 2024

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုများကြောင့် ပျက်စီးသွားသည့် တံတားအချို့အား ယာယီသံဘောင်တံတားထိုး၍ ပြန်လည်ပြင်ဆင်ခြင်းနှင့် လမ်းများအား ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်းသိရသည်။

အများပြည်သူသွားလာရေး အဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြောကြားသည်။

စက်တင်ဘာ ၁၂ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် သည် ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးရွာသွန်းမှုများ၍ ရုတ်တရက် ဆင်သေချောင်းရေလျှံခြင်းကြောင့် ဆင်သေချောင်းတစ်လျှောက်ရှိ ဆင်သေချောင်းတံတား (ပုပ္ပါးကုန်း) နှင့် ဆင်သေချောင်းတံတား (သိုက်ချောင်း) တို့တွင် တံတားကမ်းကပ်ခုံများပျက်စီးခြင်း၊ ချဉ်းကပ်လမ်းရေတိုက်စား၍ လမ်းတာပေါင်ပျက်စီးခြင်း၊ တံတားရေလယ်တိုင် (Pier) များ နိမ့်ကျခြင်းများ ဖြစ်ပေါ်နေသည့်အပြင် အေးမြင့်သာယာတံတားနှင့် ကျောက်ချက်တံတားတို့သည်လည်း ချဉ်းကပ်လမ်းအပါအဝင် ရေနစ်မြုပ်နေခြင်းကြောင့် လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေး ပြင်ဆင်ဆောင်ရွက်နိုင်မည့် အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ဆင်သေချောင်းတံတား (ပုပ္ပါးကုန်း) သို့ရောက်ရှိပြီး ရေတိုက်စား၍ ပျက်စီးသွားသော တံတားထိပ်ခုံနှင့် လမ်းတာပေါင်နေရာကို ဘေလီတံတားထိုး၍ ယာယီပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ အများပြည်သူသွားလာရေး အဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ရန် မှာကြားသည်။

အဆိုပါ တံတားနေရာအား ဦးစားပေးပြင်ဆင်ပြီးပါက ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ကို ဆက်သွယ်သွားလာနိုင်မည်ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆင်သေချောင်းတံတား (သိုက်ချောင်း) သို့ သွားရောက်ရာ ပုဗ္ဗသီရိမြို့ပတ်လမ်းတစ်လျှောက် ရေစီးနှင့်မျောပါလာသော သစ်ပင်ကြီးများ၊ အမှိုက်များကို ယာဉ်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းဆောင်ရွက်ခြင်း၊ သိုက်ချောင်းတံတား၏ တံတားထိပ်ခုံနှင့် လမ်းသားများ ရေတိုက်စားမျောပါပျက်စီးခြင်းအားပြုပြင်ရန် ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေနှင့် ယာယီဘေလီတံတားထိုးမည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားသည်။

ထို့ပြင် ရန်ကုန် - မန္တလေးလမ်းမကြီး (လမ်းဟောင်း) တပ်ကုန်းမြို့အနီးရှိ အဆုံတံတား၏ တံတားထိပ်ခုံများ ရေတိုက်စားခြင်း၊ လမ်းတာပေါင်များ ပျက်စီးနေခြင်းတို့ကြောင့် ယာယီဘေလီတံတားထိုး၍ ပြင်ဆင်နေသည့် ကာလအတွင်း လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေး၊ ယာဉ်သွားလာမှုနှင့် ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေးအတွက် အဆိုပါတံတားနေရာအား ရှောင်ကွင်း၍ တပ်ကုန်းမှအေလာသို့ တပ်ကုန်း-ဥတ္တရသီရိ အမှတ် (၂) လမ်းအတိုင်း ယာယီသွားလာနိုင်ရေး နေပြည်တော်ကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent