သောင်ရင်းမြစ်ရေကျသွားပြီဖြစ်သော်လည်း မြဝတီမြို့တွင်း၌တင်ကျန်ရစ်သောအမှိုက်များ ရွှံ့ နွံများရှင်းလင်းနေရဆဲ

သောင်ရင်းမြစ်ရေကျသွားပြီဖြစ်သော်လည်း မြဝတီမြို့တွင်း၌တင်ကျန်ရစ်သောအမှိုက်များ ရွှံ့ နွံများရှင်းလင်းနေရဆဲ
Published 14 September 2024

သောင်ရင်းမြစ်ရေကျသွားသော်လည်း မြဝတီမြို့တွင်း၌တင်ကျန်ရစ်သောအမှိုက်များ ရွှံနွံနုန်းများရှင်းလင်းနေရဆဲဖြစ်ပြီး စာသင်ကျောင်းအချို့လည်း ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

ဒေါနတောင်ခြေရှိ ဝေါလေချောင်း၊ ဂေါ်လီချောင်း၊ မဲကလာချောင်းတို့ပေါင်းဆုံစီးဆင်းလာသည့် သောင်ရင်းမြစ်ရေသည် စက်တင်ဘာလ ၁၀ ရက်နေ့မှ စတင်ကာ စက်တင်ဘာ ၁၂ ရက်နေ့ထိ  မြဝတီမြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်၊ အမြင့်ပိုင်းဘုရင်နောင်လမ်းမထိရေလွှမ်းမိုးကာ အနိမ့်ပိုင်းနေရာများ၌ တစ်ခပ်အိမ်ခေါင်မိုးထိနစ်မြုတ်ခဲ့သည်။

စက်တင်ဘာ ၁၂ ရက်တွင် ရေကျသွားသော်လည်း မြို့တွင်းလမ်းများ၊နေအိမ်များ၊စာသင်ကျောင်းများတွင်အမှိုက်သရိုက်များနှင့်း ရွှံ့နွံများ များစွာတင်ကျန်ရစ်ခဲ့သည့်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ DKBA တပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊မြဝတီဖောင်ဒေးရှင်း၊ပရဟိတအဖွဲ့ များနှင့် ရပ်ကွက်နေပြည်သူများက ရှင်းလင်းနေရဆဲဖြစ်သည်။

မြဝတီဖောင်ဒေးရှင်းမှ ထွန်စက်တစ်စီး၊ ဘက်ဟိုးတစ်စီး ၊အမှိုက်တင်ယာဉ်ငါးစီးဖြင့်  အမှတ်(၃) ရပ်ကွက်ရှိ အ.ထ.က(၂) စာသင်ကျောင်းနှင့် ပတ်ဝန်းကျင်၊မိုးကုတ်စက်ဝိုင်းဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင်တို့တွင် ရွှံ့နွံ အမှိုက်ရှင်းလင်းရေးဆောင်ရွက်လျှက်ရှိသည်။

ဇူလိုင်နောက်ဆုံးအပတ်က ရေကြီးရေလျှံဖြစ်ပွားခဲ့စဉ်ကလောက် အမှိုက်သရိုက်များသော်လည်း ရွှံ့နွံများမှာ ယခင်အကြိမ်ကထက်များ ပြားကြောင်း မြဝတီဖောင်ဒေးရှင်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အတူ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးဦးစီးသည့်ရဲတပ်ဖွဲ့ဝင်များ၊စည်ပင်သာယာရေးအဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ ၊ DKBA တပ်ဖွဲ့ဝင်များ၊ပရဟိတအဖွဲ့များက အမှတ်(၂)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် ပတ်ဝန်းကျင်လမ်းအား စုပေါင်းရှင်းလင်းလျှက်ရှိသည်။

မြဝတီ မြို့တွင် နှစ်စဉ်ရေကြီးရေလျှံခြင်းဖြစ်ပေါ်ခဲ့သော် ယခုနှစ်တွင် ထူးခြားစွာဖြင့် နှစ်ကြိမ်မြောက်ရေကြီးနစ်မြုတ်ခဲ့ခြင်းဖြစ်သည်။ဒုတိယအကြိမ်သည် ပထမအကြိမ်ထက် ပိုမို ရေတက်ခဲ့ကြောင်းသိရသည်။

Most Read

Most Recent