မန္တလေး-မြစ်ကြီးနားလမ်းကြောင်း ပြတ်တောက်မှုကြောင့် ကချင်ပြည်နယ်အတွင်းရှိ မြို့များတွင် ကုန်ဈေးနှုန်း အဆမတန်မြင့်နေ

မန္တလေး-မြစ်ကြီးနားလမ်းကြောင်း ပြတ်တောက်မှုကြောင့် ကချင်ပြည်နယ်အတွင်းရှိ မြို့များတွင် ကုန်ဈေးနှုန်း အဆမတန်မြင့်နေ
Published 27 August 2024

မန္တလေး-မြစ်ကြီးနား လမ်းကြောင်းသည် သြဂုတ် ၁၆ ရက်မှ စတင်ပြတ်တောက်မှုကြောင့်  ကချင်ပြည်နယ်အတွင်းရှိ မြို့များတွင် ကုန်စျေးနှုန်း အဆမတန်မြင့်နေကြောင်း ဒေသခံများက ဆိုသည်။

မြစ်ကြီးနား၊ ဖားကန့်၊ ပူတာအိုမြို့များတွင် စားသောက်ကုန်ပြတ်လပ်မှုများရှိနေကြောင်း၊ အဓိကစားသောက်ကုန်များကို မြစ်ကြီးနား-မန္တလေးလမ်းပိုင်းမှ သယ်ယူနေရသောကြောင့်ဖြစ်ကြောင်း၊ ဆက်လက်ပိတ်ဆို့မှုများဖြစ်ပါက လူဦးရေများသည့် မြို့ကြီးများတွင် အစားအသောက်ပုံစံများ ပြောင်းလဲရမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားသည်။

“ငါးက တစ်ပိဿာ ငါးသောင်းလေ။ တချို့က လေယာဉ်နဲ့သယ်တော့ စျေးက ငါးဆလောက်ဖြစ်သွားတယ်။ ဒေသထွက် အသီးအရွက်ကတော့ ကျပ်နှစ်ထောင်ဝန်းကျင်လောက်နဲ့ ဝယ်စားရသေးတယ်။ ဆေးဝါးတော့ ဒုက္ခရောက်ပြန်ရော” ဟု ၎င်းက ပြောကြားသည်။

ပူတာအိုမြို့တွင် အိမ်သုံးဆားကျပ် ၅၀ သားကို ကျပ်ငါးထောင်အထိ စျေးမြင့်နေကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။

ဖားကန့်ဒေသတွင် ကြက်ဥ၊ ခရမ်းချဉ်နှင့် အသား၊ ငါးအချို့ ပြတ်တောက်နေပြီး ကွမ်းတစ်ယာ တစ်ထောင်ကျပ်၊ မုံလာထုပ် တစ်ထုပ် တစ်သောင်းသုံးထောင်၊ ခရမ်းသီးတစ်လုံး တစ်ထောင်၊ ဓာတ်ဆီတစ်ဂါလန် လေးသောင်းကျပ်အထိ စျေးပေါက်နေသဖြင့် ဒေသတစ်ခုလုံး ဒုက္ခရောက်နေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

“ကျောက်စိမ်းကလွဲပြီး အကုန်စျေးတက်တယ်။ ဖုန်းလိုင်းမရလို့ အင်တာနက်သုံးတာ တစ်နာရီသုံးသောင်းဆိုတော့ စဉ်းစားကြည့်တော့။ အဓိကတော့ မန္တလေးလေးကားလမ်း ပိတ်လိုက်တာ အားလုံးထိသွားတာ။ ဂေါ်ရခါးသီးနဲ့ ကျောက်စိမ်းက စျေးတူလောက်ဖြစ်သွားတာ။ မကြုံဘူး မကြားဘူးတွေပါဗျာ” ၎င်းက ပြောကြားသည်။

မြစ်ကြီးနား၊ ဖားကန့်၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်မြို့များရှိ အချို့သော ကုန်မာဆိုင်များမှာ ဖုန်းလိုင်းမရခြင်း၊ ကုန်စျေးနှုန်းများ မတည်ငြိမ်ခြင်းတို့ကြောင့် ပိတ်ထားရကြောင်း သိရသည်။ မြစ်ကြီးနား-မန္တလေး အဓိကလမ်းပိုင်းဖြစ်သည့် အင်းတော်နှင့် ထီးချိုင့်မြို့များတွင် တပ်မတော်စခန်းများ သြဂုတ် ၁၅ ရက် နောက်ပိုင်းတွင် တိုက်ခိုက်ခံရပြီးနောက် လမ်းကြောင်းများ ပြတ်တောက်ကာ ကချင်ပြည်နယ်တွင် ကုန်စျေးနှုန်းများ မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent