ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှ ထိုင်းနိုင်ငံဘက်ခြမ်းသို့ နယ်စပ်ဖြတ်ကျော်သွားလာမှုအား ပိတ်ထားဆဲဖြစ်ကြောင်း သိရ

ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှ ထိုင်းနိုင်ငံဘက်ခြမ်းသို့ နယ်စပ်ဖြတ်ကျော်သွားလာမှုအား ပိတ်ထားဆဲဖြစ်ကြောင်း သိရ
Published 17 August 2024

ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှ ထိုင်းနိုင်ငံဘက်ခြမ်းသို့ နယ်စပ်ဖြတ်ကျော် သွားလာမှုအား ယမန်နေ့ သြဂုတ်လ ၁၆ ရက် နေ့က နံနက် ၈ နာရီအချိန်ခန့်မှစတင်ကာ ပိတ်ထားရာ သြဂုတ် ၁၇ ရက်နေ့တွင်လည်း ပိတ်ထားဆဲဖြစ်ကြောင်း ဘုရားသုံးဆူ မြို့ခံ များ၏ ပြောကြားချက်များအရ သိရသည်။

ယမန်နေ့ သြဂုတ်လ ၁၆ ရက်နေ့က ထိုင်း နိုင်ငံဘက်ခြမ်းသို့ သွားရောက်အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအား ဘုရားသုံးဆူမြို့ဘက်သို့ ဖြတ်သန်းခွင့်ပြုထား ခဲ့သော်လည်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ ဝင် ရောက်မည့်သူများအား ဖြတ်သန်းသွားလာခွင့်ပိတ်ထားခဲ့ကြောင်း ဘုရားသုံးဆူမြို့ခံ တစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မနေ့ကတည်းက လူတွေရော၊ ကုန်ပစ္စည်းတွေပါ ပေးမဖြတ်တော့တာပါ။ မနေ့ကလည်း ထိုင်းဘက်ခြမ်းမှာ ဒေသခံတွေက ကုန်တင်ကားတွေနဲ့ ပတ်သက်လို့ ဆန္ဒပြကြတယ်။ ကိုယ်တွေကတော့ ထိုင်းဘက်ခြမ်းမှာ ဆန္ဒပြပွဲရှိနေလို့ နယ်စပ်ကို ပေးမဖြတ်ဘူးလို့ ထင်နေကြတာ။ အခုဆိုရင် သုံးဆူဘက်ကလူတွေ ထိုင်းဘက်ခြမ်းမှာ အလုပ်သွားမဆင်းရတာ (၂) ရက်ရှိပြီး ဟု ပြောကြားသည်။

မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့ဘက်မှ ထိုင်းနိုင်ငံဘက်ခြမ်းသို့ဝင်ရောက်ရသည့် ရပ်ကွက် (၁) ကျောင်းအပေါက်ဂိတ်မှစပြီး ထိုင်းနိုင်ငံဘက်ခြမ်းသို့  အမြဲတမ်းဝင်ထွက်နေကြသည့် မလွယ်ပေါက်တိုင်းအား ထိုင်းနယ်ခြားစောင့်စစ်သားများချထားကာ ပိတ်ထားသည့်အပြင်၊ ဘုရားသုံးဆူမြို့ ရဲစခန်းအနီး ကြံတောကျေးရွာဘက်သို့ သွားရာ ပတ်လမ်းတွင်လည်း ီုဗြ တပ်ဖွဲ့တင်များမှ ယူနီဖောင်းအပြည့်အစုံဖြင့် စောင့်ကြပ်နေကြပြီး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ပေးမထွက်ကြောင်း ၎င်းမြို့ခံက ဆိုသည်။

ထို့အပြင် ထိုင်းနိုင်ငံဘက်ခြမ်းမှ ဘုရားသုံးဆူမြို့ဘက်သို့ ထိုင်းကုန်စည်များ  ဝင်ရောက်ခြင်းမရှိတော့သည့်အပြင်၊ ဘုရားသုံးဆူမြို့ဘက်သို့တက်လာသည့် ကုန်တင်ယာဉ်များကိုလည်း ကြာအင်းဆိပ်ကြီးမြို့တွင် ရပ်တန့်ကာ စောင့်ဆိုင်းနေကြရကြောင်း ကုန်တင်ယာဉ်မောင်းများ၏ ပြောကြားချက်များအရ သိရသည်။

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်၊  စံခလဘူရီမြို့ နှင့် ထောင်ဖာပွန်မြို့တို့အား ဆက်သွယ်ထားသည့် အမှတ် - ၃၂၃ လမ်းမကြီးပေါ်တွင် ဘေးကင်းလုံခြုံစွာခရီးသွားလာနိုင်ရေးအတွက် ဒေသခံပြည်သူများက ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူ (ရှမ်းကုန်း) တွင် ဩဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းက ဆန္ဒပြပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။

ထိုအမှတ် - ၃၂၃  လမ်းမကြီးမှာ ထိုင်းနိုင်ငံအတွင်းရှိ ခရိုင် (၃) ခု မှ ဒေသခံများ အသုံးပြုနေကြသည့် တစ်ခုတည်းသော လမ်းမကြီးဖြစ်ကြောင်း၊ အသွားအပြန်ယာဉ်ကြောနှစ်ခုသာရှိပြီး၊ တောင်စောင်းများ ရှိနေသဖြင့် အန္တရယ်အလွန်များပြားကြောင်း၊ ယခုအခါ ကြီးမားသော ကုန်တင်ယာဉ်ကြီးများ သွားလာနေ သောကြောင့် ဝန်အလေးချိန်ကို မထမ်းနိုင်သဖြင့် ကားလမ်းများပျက်စီးသွားရကြောင်း၊ ယာဉ်မတော်တဆ ဖြစ်မှုများ နေ့စဉ်ကြုံတွေ့လာရပြီး   ယာဉ်ကြောပိတ်ဆိုမှုများ ဖြစ်ပေါ်နေသည့်အတွက်ကြောင့် အရေးပေါ် လူနာတင်ယာဉ်များ အချိန်မီပြေးဆွဲ၍ မရနိုင်တော့ကြောင်း အစရှိသည့်  ပိုစတာ၊ ဗီနိုင်းများအား မော်တော်ယာဉ်များပေါ်တွင် ချိတ်ဆွဲ၍ ဒေသခံမျာမှ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထို့ပြင် စံခလဘူရီမြို့သည် ခရီးသွားလုပ်ငန်းများဖြင့် စည်ကားနေသောမြို့ဖြစ်နေပြီး လက်ရှိတွင် အဆိုပါ ကုန်တင်ယာဉ်များ၏ ပြဿနာများကြောင့် ခရီးသွားလုပ်ငန်းများ အကြီးအကျယ်ထိခိုက်လာရကြောင်း၊ ယာဉ်များ မတော်တဆဖြစ်နေမှုကြောင့် လမ်းခရီးဘေးကင်းလုံခြုံမှုမရှိတော့သဖြင့် ဟိုတယ်အခန်းများ ကြိုတင်မှာယူမှုများကို ဖျက်သိမ်းရသည့်အထိ ဖြစ်ပေါ်လာရကြောင်း ဒေသခံများ၏ ပြောကြားချက်များအား ကိုးကား၍ ထိုင်းသတင်းများ၏ ဖေါ်ပြချက်များအရ သိရသည်။

အဆိုပါ အမှတ် - ၃၂၃ လမ်းမကြီးပေါ်တွင် ယခုအခါ ကွန်တိန်နာတင် ကုန်တင်ယာဉ်ကြီးများ  ဥဒဟိုသွားလာနေသဖြင့် ယာဉ်မတော်တဆဖြစ်မှုများ နေ့စဉ်ရက်ဆက် ဖြစ်ပေါ်ခဲ့ပြီးနောက် ဒေသခံလွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ထိုင်းနိုင်ငံရေးပါတီများ၊ ဒေသခံရွာသား (၆၀) ခန့်တို့က ပစ်ကပ်ထရပ်ကား (၄၀) စီးဖြင့် ထိုင်းနိုင်ငံဘက်ခြမ်းရှိ ဘုရားသုံးဆူ (ရှမ်းကုန်း) တွင် စီတန်းလှည့်လည်ဆန္ဒပြခဲ့ပြီး မြို့ပိုင်ရုံး၊ စစ်တပ်နှင့် အကောက်ခွန်ဌာနအရာရှိထံ တောင်းဆိုချက်များ ရေးသားထားသည့် စာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုင်း - မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော မဲဆောက် - မြဝတီ - ကော့ကရိတ် အာရှလမ်းသစ်၌ ယခုအခါ မော်တော်ယာဉ်များ သွားလာ၍ မရတော့သဖြင့် စံခလဘူရီမြို့နယ်အတွင်းရှိ ဘုရားသုံးဆူနယ်စပ် ဖြတ်ကျော်ဂိတ်မှတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်ရေးအတွက် ကုန်ပစ္စည်းများကို အပြန်အလှန်တင်သွင်း လာခဲ့ကြောင်း ဒေသခံကုန်သည်များ၏ ပြောကြားချက်များအရ သိရသည်။

 

Most Read

Most Recent