လားရှိုးမြို့ရှိ SSPP/SSA နာယက ဗိုလ်ချုပ်ကြီးဆေထင်၏ နေအိမ်ကို MNDAA အဖွဲ့က ဖျက်ဆီးခဲ့ကြောင်း သိရ

လားရှိုးမြို့ရှိ SSPP/SSA နာယက ဗိုလ်ချုပ်ကြီးဆေထင်၏ နေအိမ်ကို MNDAA အဖွဲ့က ဖျက်ဆီးခဲ့ကြောင်း သိရ
Published 31 July 2024

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နာယက ဗိုလ်ချုပ်ကြီး ဆေထင်၏ နေအိမ်ကို MNDAA အဖွဲ့က ဇူလိုင် ၃၀ ရက်က ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း ရှမ်းသတင်းဌာနများ၏ သတင်းဖော်ပြမှုအရ သိရသည်။ 

လားရှိုးမြို့၊ ရပ်ကွက် (၁)၊ နယ်မြေ (၆) မြဝတီလမ်းရှိ SSPP/SSA နာယက ဗိုလ်ချုပ်ကြီး ဆေထင်၏ နေအိမ်၌ စောင့်ဆိုင်းနေသူများကို ဇူလိုင် ၃၀ ရက်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဝင်ရောက်မောင်းထုတ်ပြီး နေအိမ်ကို ဖျက်ဆီးခဲ့ကြောင်း ရှမ်းသတင်းဌာနများက သတင်းဖော်ပြထားသည်။ 

အဆိုပါသတင်းနှင့်ပတ်သက်၍ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဘက်မှ ဇူလိုင် ၃၁ ရက် ညပိုင်းအထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမျိုး မရှိသေးပေ။ 

၂၀၂၄ ခုနှစ် ဇွန် ၂၇ ရက်က စတင်၍  ၁၀၂၇ စစ်ဆင်ရး ဒုတိယပိုင်းပြန်စသည်ဆိုကာ TNLA အဖွဲ့က မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါတို့တွင်လည်းကောင်း၊ TNLA နှင့်ပူးပေါင်းထားသည့် MDY PDF က မတ္တရာ - စဉ့်ကူးတွင်လည်းကောင်း၊ ဇူလိုင် ၃ ရက်က စတင်၍  MNDAA အဖွဲ့နှင့်ပူးပေါင်းအဖွဲ့က လားရှိုးမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယနေ့အထိ ယင်းဒေသများတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးအား ဂုဏ်ပြုခြင်းနှင့် တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရဟုဆိုကာ MNDAA အဖွဲ့က ဇူလိုင်လကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားသော်လည်း လားရှိုးမြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက်မှုများနှင့် ရှော့တိုက်ဒုံးများဖြင့် နေ့စဉ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အား သိမ်းပိုက်ရရှိခဲ့ကြောင်း MNDAA က ဇူလိုင် ၂၅ ရက်တွင် သတင်းအမှားများ ထုတ်လွှင့်ခဲ့သော်လည်း ဇူလိုင် ၃၁ ရက်အထိ လားရှိုးမြို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ 

လားရှိုးမြို့မှ စစ်ရှောင်မည့် ဒေသခံများအား မြို့မှထွက်ချိန်ကို အချိန်နှင့် ခွင့်ပြုထားသော်လည်း မြို့အဝင်ကို ခွင့်မပြုတော့ကြောင်းနှင့် စဉ့်အင်မှ တက်လာသည့်ကားများ လားရှိုးမြို့ထဲဝင်ရန် ခါးသျှို၌ တန်းစီစောင့်ဆိုင်းနေသည်မှာ တစ်ပတ်ကျော် ကြာပြီဖြစ်သော်လည်း ဝင်ခွင့်မရ‌သေးသည့် အခြေအနေဖြစ်နေကြောင်းလည်း သိရသည်။ 

လားရှိုးမြို့၌ မြို့တွင်းတိုက်ပွဲများ ဖြစ်ပွားလာမှုနှင့်အတူ ကျန်ရှိနေသော မြို့နေလူထု အများစုမှာလည်း ယခုရက်ပိုင်းအတွင်း စစ်ဘေးရှောင်မှု အများအပြားရှိနေပြီး လက်ရှိအချိန်အထိ လားရှိုးမြို့၏ လူဦးရေ ၉၀ ရာခိုင်နှုန်းခန့်မှာ စစ်‌ဘေးရှောင်‌နေရကြောင်း လူမှုအဖွဲ့အစည်းများထံမှ သိရသည်။ 

ဇူလိုင် ၂၇ ရက် ညပိုင်းကလည်း လားရှိုးမြို့ရှိ “ဝ” အဖွဲ့၏ ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက်ဟုဆိုကာ "ဝ" တပ်ဖွဲ့များက လားရှိုးမြို့တွင်းသို့ ဝင်ရောက်လာခဲ့ပြီး ယခုအခါ “၀” တပ်ဖွဲ့များသည် လားရှိုးမြို့မှ ပြန်လည်ထွက်ခွာသွားသည်ဟုလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။ 



 

Most Read

Most Recent