ရန်ကုန်တိုင်းအတွင်း နေ့စဉ်ဓာတ်အားပမာဏ ရာခိုင်နှုန်း ၂၀ လျော့နည်းနေသဖြင့် ဓာတ်အားပြတ်တောက်မှုများရှိမည်

ရန်ကုန်တိုင်းအတွင်း နေ့စဉ်ဓာတ်အားပမာဏ ရာခိုင်နှုန်း ၂၀ လျော့နည်းနေသဖြင့် ဓာတ်အားပြတ်တောက်မှုများရှိမည်
Published 29 June 2024

ရွှေလီဓာတ်အားပေးစက်များမှ တစ်နေ့လျှင် လျှပ်စစ်ပမာဏ ၉ ဒသမ ၅ သန်းလျော့ နည်းနေသဖြင့် ရန်ကုန်တိုင်းအတွင်း နေ့စဉ်ဓာတ်အားပမာဏ ရာခိုင်နှုန်း ၂၀ လျော့နည်း နေရာ ဓာတ်အားပြတ်တောက်မှုများ ရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းက သတင်းထုတ်ပြန်သည်။

နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဇွန် ၂၆ရက် ည ၇ နာရီ ၅၄ မိနစ်ခန့်တွင် 230KV မန်စံ-ရွှေစာရံလိုင်း အမြဲတမ်းအပြစ်(Premanent.fault)ဖြစ်၍ တစ်နိုင်ငံလုံးဓာတ်အားစနစ်ချို့ယွင်းမှု(System Breakdown) ဖြစ်ပွားခဲ့ကြောင်း၊ ဓာတ်အားလိုင်းချို့ယွင်းနေမှုကြောင့်  ယနေ့အထိ နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ရွှေလီဓာတ်အားပေးစက်မျာမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပို့လွှတ်နိုင်မှု ၄၀၀ မဂ္ဂါဝပ်ခန့် တစ်နေ့လျှင်  လျှပ်စစ်ပမာဏ ယူနစ် ၉ ဒသမ ၅ သန်းခန့် လျော့နည်းရရှိနေပြီး နယ်မြေအခြေအနေအရပြုပြင်မှုများ ဆောင် ရွက်နိုင်ရန်စီစဉ်ထားဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းက သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းတွင်လည်း ရန်ကုန်တိုင်းဒေသကြီးအတွက် မူလလျာထား‌သော ဓာတ်အားပမာဏထက်ရာခိုင်နှုန်း ၂ဝနေ့စဉ်ယူနစ် ၅ ဒသမ ၆၄၇ သန်းခန့်လျော့နည်းရရှိခဲ့ပါသဖြင့် အရေးပေါ် ဝန်အားလျှော့ထိန်းညှိခြင်းများဆောင်ရွက်နေရသည်ဟု YESC က ဆိုသည်။

ယင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်နှင့် အများပြည်သူများအားယခင်ရက်ပိုင်း သုံးစွဲဝန်အားထက်လျော့ချ၍  ဓာတ်အားဖြန့်ဖြူးနေရကြောင်းနှင့်အရေးပေါ်ဝန်အား ထိန်းညှိ‌မှုဆောင်ရွက်ရခြင်း‌များကြောင့်  မြို့နယ်အချို့တွင် ယာယီဓာတ်အား ပြတ်တောက်မှုများရှိနိုင်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ထားသည်။

လက်ရှိဓာတ်အားထုတ်လုပ်မှု၌ အပူစွမ်းအင်သုံးစက်ရုံများရှိ သဘာဝဓာတ်ငွေ့အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအချိုးသည် ရာခိုင်နှုန်း ၅၀ ခန့်ရှိသော်လည်း သဘာဝဓာတ်ငွေ့ရရှိနိုင်မှုလျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မှုသည်လည်း ယခုကာလအတွင်း ၄၄၆ မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိပြီး စုစုပေါင်းစက်များ၏ တင်ဆင်အင်အားများမှ ရေအား နှင့် သဘာဝဓာတ်ငွေ့သုံးစက်ရုံများ၏ ထုတ်လုပ်မှုတွင် ၇၉၉ မဂ္ဂါဝပ်ခန့် အသားတင်လျော့ နည်းထုတ်လုပ်ရလျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် မုတ်သုံရာသီ၌ ပုံမှန်မိုးရွာသွန်းမှုအောက်၌ ဆက်လက်ရှိနေ၍ဆည်များ၌ ရေပြည့်ဝစွာမရရှိခြင်း၊ ဓာတ်အားစနစ်အတွင်း တစ်နိုင်ငံလုံးကို ဓာတ်အားစဉ်ဆက်မပြတ် တည်ငြိမ်စွာရရှိစေရန်အတွက် မိုးမကျ မီကာလအတွင်းအထိ ဓာတ်အားပြတ်တောက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် နိုဝင်ဘာမှ ဇွန်လအထိ ယခင်သိုလှောင်ထားရှိသည့် ရေများကိုချိန်ညှိ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရခြင်း၊ သဘာဝဓာတ်ငွေ့ရရှိမှုတို့ကို ထိန်းညှိ၍ လုံလောက်စွာမရရှိသဖြင့် တပ်ဆင်ထားသောစက်များ၏ စက်စွမ်းအားပြည့်လည်ပတ်နိုင်မှုမရှိခြင်း စသည်တို့ကြောင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ ၂၈ဝဝမဂ္ဂါဝပ် ခန့်သာထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်ကိုသာ ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent