ရန်ကုန်မြို့ရှိ ရွှေဆိုင်များတွင် အခေါက်ရွှေနှင့် ဖြတ်စ၊ အပိုင်းအစများ ရောင်းချခြင်းမရှိဘဲ အချို့ဆိုင်များမှာ ဈေးနှုန်းပင် ဖွင့်လှစ်ခြင်းမရှိ

ရန်ကုန်မြို့ရှိ ရွှေဆိုင်များတွင် အခေါက်ရွှေနှင့် ဖြတ်စ၊ အပိုင်းအစများ ရောင်းချခြင်းမရှိဘဲ အချို့ဆိုင်များမှာ ဈေးနှုန်းပင် ဖွင့်လှစ်ခြင်းမရှိ
Published 29 May 2024

ရန်ကုန်မြို့ရှိ ရွှေဆိုင်များတွင် အခေါက်ရွှေနှင့် ဖြတ်စ၊ အပိုင်းအစများရောင်းချခြင်းမရှိဘဲ အချို့ဆိုင်များမှာ စျေးနှုန်းပင် ဖွင့်လှစ်ခြင်းမရှိကြောင်း ပြင်ပရွှေရောင်းဝယ်ရေးစျေးကွက်မှ သိရသည်။

မေ ၂၇ ရက်မှစတင်ကာ ရန်ကုန်မြို့ရှိ နာမည်ကြီးရွှေဆိုင်များတွင် အခေါက်ရွှေများ၊ ဖြတ်စများ၊ အပိုင်းအစများကို ရောင်းချခြင်း မရှိကြောင်း စာများကပ်ကာ ကြေညာထားသည်ကို တွေ့ရသည်။

“ရွှေဆိုင်တွေမှာ သွားဝယ်လို့မရတော့ဘူး။ ကျွန်တော်တို့က ပန်းထိမ်လုပ်တော့ အဲ့ဒီဆိုင်ကြီးတွေကနေ ဖြတ်စတွေဘာတွေ ဝယ်ရတယ်။ အခုဝယ်လို့မရတော့ အဆင်မပြေတော့ဘူး” ဟု ရန်ကုန်မြို့ရှိ ရွှေပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

လွန်ခဲ့သည့် နှစ်ရက်ကျော်မှစတင်ကာ ယင်းသို့ အရောင်းပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင်အချို့ရွှေဆိုင်များမှာ ရွှေစျေးနှုန်းကို ပြောကြားခြင်းမရှိဘဲ အရောင်းအဝယ်ပြုလုပ်မှသာ ပေါက်စျေးဖြင့် တွက်ပေးခြင်းများရှိသည်ဟု ရွှေရောင်းချခဲ့သူတစ်ဦးက ဆိုသည်။

“ရွှေစျေးကိုတော့ မပြောဘူး။ ကိုယ်က ရောင်းတယ်ဆိုရင် ပေါက်စျေးနဲ့တော့ တွက်ပေးတယ်” ဟု ရွှေသွားရောက်ရောင်းချခဲ့သူတစ်ဦးက ပြောကြားသည်။

မေ ၂၉ ရက်တွင် ပြင်ပရွှေစျေးမှာ ကျပ် ၅၅ သိန်းအထိ ရောက်ရှိနေသည်ဟု ဆိုသော်လည်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း၏ ညနေအပိတ်စျေးအရ ကျပ်သုံးဆယ့် ကိုးသိန်းကိုးသောင်းကိုးထောင့်ရှစ်ရာ ဖြစ်သည်ဟု ထုတ်ပြန်ကြေညာထားသည်။

ပြီးခဲ့သည့် မတ် ၁၆ ရက်က ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရုံးတွင် အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ပြီး ရွှေစျေးကွက်အတွင်းတွင် ပြင်ပရွှေဝယ်ရောင်းလုပ်သူများနှင့် ရွှေဆိုင်များအားလုံးသည် YGEA သတ်မှတ်စျေးနှုန်းအောက်တွင် အရောင်းအဝယ်ပြုလုပ်ကြရန်နှင့် မပြုလုပ်နိုင်ပါက ရွှေအရောင်းအဝယ် ရပ်ထားပေးပါရန် အထူးသတိပေးအပ်ပါသည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ခဲ့သည်။

မတ် ၆ ရက် နေပြည်တော်တွင် ပြုလုပ်သည့် ရွှေနှင့်ငွေကြေး စျေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတွေ့ဆုံသည့် ဆွေးနွေးပွဲတွင်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ရွှေစျေးကွက်တွင် စနစ်တကျရောင်းဝယ်နိုင်ရန်၊ စံချိန်စံနှုန်းနှင့် စျေးနှုန်းအခြေခံသတ်မှတ်နိုင်ရေး၊ တရားဝင်ဆောင်ရွက်နိုင်သည့် စျေးကွက်ဖော်ဆောင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွှေစျေး၊ ငွေစျေးကစားပြီး စျေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်သူများကိုဥပဒေနှင့်အညီ ကြီးကြပ်အရေးယူမည်ဖြစ်ကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပါက ဥပဒေပါပြဋ္ဌာန်းချက်များကို ဆက်လက်အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ အဖွဲ့ဝင်များအနေဖြင့်လက်ရှိလုပ်ဆောင်ချက်များ၊ ကြီးကြပ်မှုများကို ပြန်လည်စိစစ်ရန်နှင့် စနစ်တကျထိန်းကျောင်းသွားရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

Most Read

Most Recent