ရန္တပိုစာချုပ်မှသည် ဟိုင်ဂင်ဆွေးနွေးပွဲသို့ . . .

ရန္တပိုစာချုပ်မှသည် ဟိုင်ဂင်ဆွေးနွေးပွဲသို့ . . .
Published 31 July 2024

(သြဂုတ် ၁ ရက်ထုတ် The Daily Eleven သတင်းစာ ၏ အယ်ဒီတာ့အာဘော် 

ရန္တပိုစာချုပ်သည် ၁၈၂၄ ခုနှစ် ဘကြီးတော်ဘုရား လက်ထက်တွင် ဖြစ်ပွားခဲ့သော အင်္ဂလိပ်မြန်မာစစ်ပွဲကို စစ်ပြေငြိမ်းစေရန် အင်္ဂလိပ်အစိုးရကိုယ်စားလှယ်များနှင့် မြန်မာဘုရင်အစိုးရ ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးကြသော စာချုပ်တစ်ရပ်ဖြစ်သည်။ အာသံ မဏိပူရ အရေးအခင်းမှ စတင်ခဲ့သည််ဟု ဆိုရမည့် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲသည် ၁၈၂၄ ခုနှစ် မတ် ၅ ရက်တွင် စတင်ခဲ့ပြီး  မြန်မာတပ်များ စစ်ရှုံးမှုနှင့် အတူ ၁၈၂၆ ခုနှစ် တွင် ကုန်းကြောင်း ရေကြောင်းမှ တိုက်ခိုက်လာသည့် အင်္ဂလိပ်တပ်များသည် အင်းဝ မင်းနေပြည်တော်၏ တောင်ဘက် မိုင် ၄၀ ခန့်အကွာ မြင်းခြံမြို့အထက် ခြောက်မိုင်ခန့်ကွာဝေးသော ရန္တပိုရွာအထိ ရောက်ရှိလာခဲ့သည်။ ထို့နောက်တွင် ရန္တပိုစာချုပ်ကို ၁၈၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ချုပ်ဆို၍ မြန်မာက ရခိုင်၊ တနင်္သာရီ၊ အာသံတို့ကို အင်္ဂလိပ်တို့ထံ ပေးအပ်လိုက်ရသည်။ ထို့ပြင် မဏိပူရ၊ ကချာနှင့် ဂျိန်းတိယ နယ်များသို့ မြန်မာတို့ ဝင်ရောက်စွက်ဖက်ခြင်း မပြုရတော့သည့်အပြင် စစ်လျော်ကြေးငွေ တစ်ကုဋေကို အရစ်ကျ ပေးဆပ်ရမည့် အချက်များ အပါအဝင် အချက် ၁၁ ချက်ပါ ရန္တပိုစာချုပ်ဖြင့် စစ်ပြေငြိမ်း၍ မြန်မာ၏ အချုပ်အခြာအာဏာ ထိခိုက် ဆုံးရှုံးခဲ့ရသည်။  

လက်ရှိအချိန်တွင် ၁၀၂၇ ဒုတိယပိုင်းလှိုင်းဟု အမည်တပ်၍ MNDAA, TNLA မြောက်ပိုင်းသုံးဖွဲ့နှင့် ပူးပေါင်းအဖွဲ့များအနေဖြင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့နှင့် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့များသို့ ဝင်ရောက်တိုက်ခိုက်သိမ်းယူမှုများ ပြုလုပ်ခဲ့သည်။ ရှမ်းမန်းစစ်ဆင်ရေးဟု အမည်တပ်ကာ TNLA နှင့် PDF များက မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူး၊ မိုးမိတ်တို့တွင် တိုက်ပွဲများဖော်ဆောင်နေပြီး MNDAA နှင့်ပူးပေါင်းအဖွဲ့သည် ရမခ အခြေစိုက် လားရှိုးကို ဇူလိုင် ၃ ရက်တွင် စတင်တိုက်ခိုက်လာခြင်းဖြစ်သည်။ တိုက်ပွဲများသည် မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်မြို့အပြင် မန္တလေးနှင့် မိုင် ၄၀ ခန့်သာဝေးသည့် စဉ့်ကူး၊ မန္တလေးနှင့် မိုင် ၂၀ ခန့်သာဝေးသည့် မတ္တရာမြို့အထိ ရောက်ရှိလာရာ နိုင်ငံစီးပွားရေးအတွက်အရေးပါသော ဒုတိယမြို့တော်ဟုဆိုရမည့်  မန္တလေးမြို့အထိ ခြိမ်းခြောက်ခံလာရသည့် အဆင့်သို့ ရောက်ရှိလာသည်။

မြန်မာနိုင်ငံ အရှေ့မြောက်ဒေသတွင် ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် စတင်ခဲ့သည့် တိုက်ပွဲများသည် အခြား နေရာအနှံ့တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့်မတူသည့် အချက်အလက် များစွာလည်းရှိနေသည်။ AA အဖွဲ့၏ ပြောကြားထားမှုများကို ကြည့်လျှင် ၁၀၂၇ ကဲ့သို့ စစ်ဆင်ရေးကို မြောက်ပိုင်းအဖွဲ့အနေဖြင့် ယခင် NLD အစိုးရလက်ထက် လွန်ခဲ့သော ငါးနှစ်ခန့် ကတည်းကပင် စီစဉ်ထားခဲ့ပြီး ဖြစ်သည်။

ထို့ပြင် နိုင်ငံအနှံံ့တိုက်ပွဲများသည် တရုတ်၏ BRI စီမံကိန်းနှင့် ပိုက်လိုင်းစီမံကိန်း တစ်လျောက် ဒေသများနှင့် မြန်မာနိုင်ငံကိုဖြတ်၍ တရုတ်၏ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် လမ်းကြောတစ်လျှောက် နယ်မြေများတွင် ဆက်စပ်ဖြစ်ပွားနေသည်ကို တွေ့ရသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေးအားလုံးတွင် သုံးခဲ့သော လက်နက်များနှင့် ၄င်းတို့ အသုံးပြုလက်နက်များ၏ ရင်းမြစ်လားရာကိုကြည့်လျှင် တရုတ်မှ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ရရှိဖွယ်ရှိပြီး လက်နက်စက်ရုံ ခြောက်ရုံထက်မနည်းရှိသော “o” မှတစ်ဆင့် ထောက်ပံ့နေကြောင်း ပြောဆိုသုံးသပ်မှုများလည်း ရှိနေသည်။ ၁၀၂၇ စစ်ဆင်ရေး၊ ရှမ်းမြောက်တိုက်ပွဲများနှင့် လတ်တလောတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေသော တိုက်ပွဲများကို  တော်လှန်ရေးဟု လည်းကောင်း၊ လူမျိုးစု အရေးဟု လည်းကောင်း၊ ဖက်ဒရယ်အရေးဟုလည်းကောင်း စသဖြင့် မည်သို့ပင်ခေါင်းစဉ်တပ်စေကာမူ ယင်းသည် ၁၉ ရာစုနယ်ချဲ့ဝါဒကျူးကျော်စစ်ပွဲပုံစံနှင့် အလားသဏ္ဍာန် တူသည့် ၂၁ ရာစု Proxy စစ်ပွဲသာ ဖြစ်ကြောင်း သုံးသပ်ရမည် ဖြစ်သည်။

သို့ဖြစ်ရာ တရုတ်၏ ဟိုင်ဂင်ဆွေးနွေးပွဲသည် အင်္ဂလိပ်မြန်မာ ပထမကျူးကျော်စစ်တွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ဆုံးရှုံးရန်အတွက် အစပျိုးစေခဲ့သော ရန္တပိုစာချုပ်ကဲ့သို့ အလားသဏ္ဍာန်တူနေမည်ဖြစ်သည်။

တရုတ်၏ ကမကထပြု ငြိမ်းချမ်းရေးဆွေးနွေးပွဲ ခေါင်းစဉ်တပ် ဆွေးနွေးပွဲများသည် ၁၈၂၆ ခုနှစ်က အင်္ဂလိပ်၏ ရန္တပိုစာချုပ်ကဲ့သို့ စစ်ရေးဖိအားနှင့် နိုင်ငံရေးဖိအားကို မျှတစွာအသုံးပြုသည့် လုပ်ရပ်ကဲ့သို့ ဖြစ်နေပေသည်။ လက်ရှိတွင် တိုက်ပွဲများနှင့် အဘက်ဘက်မှ ရှိနေသော ဖိအားများကို ကြည့်လျှင် မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေး ထိခိုက်ဆုံးရှုံးရနိုင်သည့် အခြေအနေနှင့် ပကတိ ရင်ဆိုင်နေရသည်ဟု ဆိုလျှင်မမှားပေ။

သို့ဖြစ်ရာ နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ မဆုံးရှုံးစေရန်အတွက် အဓိက အကောင်အထည်ဖော် လုပ်ဆောင်ရန်အချက် နှစ်ချက်အဖြစ် ဒီမိုကရေစီစနစ်ကို မလွဲမသွေ ပြန်သွားရန်နှင့် တိုင်းရင်းသားများလိုလားသည့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် တို့ပင် ဖြစ်ပေလိမ့်မည်။ နိုင်ငံအနေဖြင့် ဒီမိုကရေစီကို အလျင်အမြန်မသွားနိုင်လျှင် ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို တည်ဆောက်နိုင်ရန် အလှမ်းဝေးနေမည်ဖြစ်ပြီး တိုင်းပြည်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအတွက်ပါ စိုးရိမ်ဖွယ်အခြေအနေများနှင့် ရင်ဆိုင်ရနို်င်မည်ဖြစ်သည်။  မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာသည် ဆုံးရှုံးသွားရန် လွယ်ကူနေပြီး ယင်းသို့ဖြစ်ခဲ့ပါက ပြန်လည်တည်ဆောက်ရန် များစွာ ခက်ခဲလိမ့်မည်ဖြစ်သည်ကိုသတိပြုသင့်ပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏လွတ်လပ်ရေး မဆုံးရှုံးစေရန်၊ အချုပ်အခြာအာဏာ တည်တံ့စေရန်နှင့် ပြည်ထောင်စုကြီး တည်တ့ံခိုင်မြဲစေနိုင်ရေးသည် တစ်စုံတစ်ဦး၏ အကျိုးစီးပွား ၊ အဖွဲ့အစည်းတစ်ခု (တပ်မတော်) ၏ အကျိုးစီးပွား၊  ပါတီတစ်ခု၏ အကျိုးစီးပွား နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု၏ တန်ဖိုးတို့ထက် များစွာမြင့်မားနေသည်ကို သတိပြုရန် လိုအပ်မည်ဖြစ်ပါသည်။ ယင်းအချက်ကို နစက အနေဖြင့်သာမဟုတ်ဘဲ အတိုက်အခံ အင်အားစုအားလုံးသည်လည်း  အလေးအနက် ဂရုပြုသင့်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်ကို အလျင်အမြန် ပြန်လည်ကျင့်သုံးရန် လိုအပ်နေပြီး တိုင်းရင်းသားများ လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စု စနစ်ကိုသွားရန် အစိုးရ၊ အတိုက်အခံများနှင့် သက်ဆိုင်သူအားလုံး ပါဝင်နိုင်သည့် တွေ့ဆုံဆွေးနွေးပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ရန် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်း ရေးသားအပ်ပါသည်။

(သြဂုတ် ၁ ရက်ထုတ် The Daily Eleven သတင်းစာ ၏ အယ်ဒီတာ့အာဘော် 

 

 

Most Read

Most Recent