ပညာရေးသည် တန်ဖိုးရှိသောရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်သည်။ ဆင်းရဲသော တိုင်းပြည်နှင့် တိုးတက်ဖွံ့ဖြိုးသောတိုင်းပြည်တို့အကြားတွင် ပညာရေး၏ကွာဟမှုမြင့်မားခြင်းကို တွေ့ရပေလိမ့်မည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ရေးအတွက် အဓိကလုပ်ဆောင်ကြရသော ကဏ္ဍများတွင် ပညာရေးကဏ္ဍသည် ထိပ်ဆုံးမှပါဝင်သည် ပညာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲရသည့်အခါ ရေတိုပြုပြင်ပြောင်းလဲမှုနှင့် ရေရှည်ပြုပြင်ပြောင်းလဲမှုတို့ကို ချိန်သားကိုက် လုပ်ဆောင်နိုင်မှသာ သိသာသောရလဒ်ကို ရပေလိမ့်မည်။ ပညာရေးကဏ္ဍကို ပြောင်းလဲရာ၌ အတိမ်းအစောင်းအနည်းငယ်သည်ပင်လျှင် ကြီးစွာသော သက်ရောက်မှုမျိုးကို ဖြစ်စေနိုင်သည်။ နိုင်ငံရေးသည် ကျောင်းခန်းထဲမှလာသည်။ တိုင်းပြည်၏အနာဂတ်ခေါင်းဆောင်များသည် စာသင်ခန်းများအတွင်းမှ ထွက်ပေါ်လာကြသည်။ ထို့ကြောင့် အမြော်အမြင်ကြီးမားသော ခေါင်းဆောင်တိုင်းသည် ပညာရေးတိုးတက်အောင် မဖြစ်မနေ ကြိုးစားလုပ်ဆောင်ခဲ့ ကြသည်။
ပညာတတ်များ နေရာရနေသော၊ ပညာရှင်များ ပေါများသောနိုင်ငံသည် ချမ်းသာကြွယ်ဝလေ့ရှိသည်။ ဆင်းရဲသောတိုင်းပြည်များအနေဖြင့် အနာဂတ်အတွက် ရည်မျှော်၍ ပညာတတ်များကို များနိုင်သမျှ များများပေါ်ထွက်စေရန် မွေးမြူတတ်ကြသည်။ အဘယ့်ကြောင့် ဆိုသော် ပညာမဲ့များသော ပညာသင်ကြားခွင့်ရရှိမှု အခြေအနေနိမ့်ပါးသော နိုင်ငံသည် ဆင်းရဲမွဲတေသည်။ ယူနက်စကို၏ လေ့လာချက်တစ်ရပ်တွင် ဆင်းရဲမွဲတေမှုနှင့် ပညာသင်ကြားခွင့်ရရှိမှုတို့အကြား ဆက်နွှယ်မှုစစ်ဆေးချက်ပါရှိခဲ့သည်။ ယင်းစစ်ဆေးချက်တွင် ကလေးများနှင့် မြီးကောင်ပေါက်အရွယ်တို့ ပညာရေးမပြီးဆုံးခင် ကျောင်းမှ ထွက်ရသည့်နှုန်း မြင့်မားသောကြောင့် ကမ္ဘာ့ဆင်းရဲမွဲတေမှုနှုန်းသည်လည်း ကျဆင်းရန်လမ်းမမြင်ဖြစ်ရသည်ဟု ဆိုထားသည်။ ယူနက်စကို၏ ထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ်တွင် ကျောင်းမှထွက်ရသည့် ကလေးများ၊ မြီးကောက်ပေါက်အရွယ်နှင့် လူငယ်များသည် ၂၆၄ သန်း ရှိနေသည်။ ယင်းတို့အနက်မူလတန်းကျောင်းမှထွက်ရသည့် ကလေးအရေအတွက်သည် ၆၁ သန်း ရှိပြီး အထက်တန်းအဆင့်မှ ထွက်ရသည့် မြီးကောက်ပေါက်အရွယ်သည် ၆၂ သန်း ရှိကာ လူငယ်များမှာ ၁၄၁ သန်းရှိသည်။
ကျောင်းမှထွက်ခဲ့ရသည့် လူအများစုသည် ပို၍ဆင်းရဲသောနိုင်ငံများတွင် နေထိုင်ကြသူများဖြစ်ကြောင်း တွေ့ရပြီး ယင်းနိုင်ငံများသည်ယေဘုယျအားဖြင့် ဝင်ငွေပို၍နိမ့်ပါးသော နိုင်ငံများဖြစ်ကာ အာဖရိက၊ ဗဟိုအာရှနှင့် တောင်အာရှ၊ အရှေ့ပိုင်းအာရှနှင့် အရှေ့တောင်အာရှ၊ အာရှအနောက်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းဒေသများရှိ နိုင်ငံများဖြစ်ကြသည်။ သေချာသည်မှာ ပညာရေးနှင့် ယင်းပညာရေးကို ရရှိနိုင်မှုအခွင့်အလမ်းနိမ့်ပါးခြင်းက စီးပွားရေးဆိုင်ရာ တိုးတက်ဖြစ်ထွန်းစေမှုအပေါ် အတားအဆီးဖြစ်နေပေသည်။ ပညာရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးမှုမရှိလျှင် ဆင်းရဲမွဲတေမှုလျှော့ချရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ဖွံ့ဖြိုးမှုနှောင့်နှေးနေသည့် မြန်မာနိုင်ငံတွင်လည်း ပညာရေးကဏ္ဍကို မလွဲမသွေပြုပြင်ရန် လိုအပ်နေပေသည်။
ပညာရေးသည် အရေးကြီးပြီး ပညာရည်မြင့်မားသောတိုင်းပြည်တွင် ပြည်သူများ၏ ပျော်ရွှင်၍တည်ငြိမ်သောဘဝတွေ ဖန်တီးပေးနိုင်မည်။ အနာဂတ်အတွက် အာမခံချက်ပေးနိုင်မည်။ ဝင်ငွေမြင့်မားပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ပို၍များပြားသည်။ တန်းတူညီမျှ အခွင့်အရေးပေးသည့် တရားမျှတမှု ပိုမိုဖြစ်ထွန်းစေပြီး ဆင်းရဲချမ်းသာနှင့် လူတန်းစားခြားနားမှုကို ဖယ်ရှားနိုင်မှု အားကောင်းစေသည်။ ထို့ပြင် ဘဝရည်မှန်းချက်များနှင့် စိတ်ကူးပုံဖော်လိုမှုများအတွက် အထောက်အပံ့ဖြစ်စေသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့်လည်း အရေးကြီးသောပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုကို လျင်လျင်မြန်မြန်လုပ် ဆောင်၍ စမ်းသပ်ခံကာလများဖြင့် လုံးချာလိုက်နေမှုကို အဆုံးသတ်ရန်လိုနေပေသည်။ ထိုသို့လုပ်ဆောင်ရာတွင် ရေတိုရေရှည်စီမံကိန်းများဖြင့် မှန်ကန်သင့်တော်သော မူဝါဒများ ချမှတ်နိုင်ရန် အရေးကြီးမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။
ဇွန် ၄ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်