ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်အထက် သုံးပေခွဲခန့် ကျော်လွန်နေပြီး မြစ်ရေ ဆက်လက်မြင့်တက်မည်

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်အထက် သုံးပေခွဲခန့် ကျော်လွန်နေပြီး မြစ်ရေ ဆက်လက်မြင့်တက်မည်
Published 12 July 2024

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေသည် ဇူလိုင် ၁၂ ရက်တွင် ယင်းမြို့၏ စိုးရိမ်ရေအမှတ်အထက် ၃ ပေခွဲခန့် ကျော်လွန်နေပြီး လာမည့် တစ်ရက်အတွင်း တစ်ပေခန့်ဆက်လက်မြင့်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြစ်ကမ်းအနီးနေအိမ်များသာမက မြို့တွင်းနေအိမ်များထိပါ ရေဝင်ရောက်နေပြီး ပခုက္ကမြို့ဗိုလ်ချုပ်လမ်းမထိပါ မြစ်ရေရောက်ရှိနေကြောင်း သိရသည်။

မြစ်ရေလျှံတက်မှုကြောင့် ရွှေ့ပြောင်းသူများ ယခင်ရက်ထက် ပိုမိုများပြားလာပြီး မြေနိမ့်ပိုင်းရပ်ကွက်များတွင် နေအိမ်အပေါ်ထပ်များထိပါ မြစ်ရေဝင်ရောက်လာသည့်အတွက် လူနေထိုင်၍ မရတော့ကြောင်း သိရသည်။

“ရေတက်ကြမ်းတယ်။ ကျွန်တော်တို့အိမ်ဆို လူနေလို့မရတော့ အပေါ်ထပ်ထိပါ ရေဝင်လာတယ်။ ပစ္စည်းတွေ အကုန်ရွှေ့ရတယ်။ အိမ်စောင့်မရှိဘဲ ဒီတိုင်းထားရတာဆိုတော့ သယ်ရသမျှအကုန်သယ်တာ။ မြို့တောင်ဖျားကတော့ အတော်များများ ရေဝင်ကုန်ပြီ။ အမှတ် ၁၀ တို့ ၁၃ တို့ဆိုရင် တစ်ရပ်ကွပ်လုံးနီးပါးပဲ။ မဟာဝိသုတာရာမစာသင်တိုက်လို့ခေါ်တဲ့ အလယ်တိုက်ကြီး မြောက်ဖက်ဗိုလ်ချုပ်လမ်းပေါ်ထိ မြစ်ရေရောက်သွားပြီ” ဟု ပခုက္ကူမြို့ခံတစ်ဦးက ပြောသည်။

မြစ်ရေဆက်လက်မြင့်တက်မည်ဆိုသည့်အတွက် ရေဝင်နေရာများအနီးရှိ ကုန်သိုလှောင်ရုံများမှာ ကုန်စည်များ အရေးပေါ်ရွှေ့ပြောင်းမှုပြုလုပ်နေပြီး ရေဘေးရှောင်သူများမှာ ဆွေမျိုးမိတ်ဆွေများထံတွင် စုပေါင်းနေထိုင်ခြင်းနှင့် အချို့မှာ မြေလွတ်နေရာများတွင် ယာယီတဲများဖြင့် နေထိုင်နေကြောင်း သိရသည်။

လူနေအိမ်များထိ ရေဝင်နစ်မြုပ်မှုကြောင့် မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးရုံးမှ ရေဝင်ရပ်ကွက်များအား လျှပ်စစ်မီးဖြတ်တောက်ထားပြီး မြစ်ရေကျဆင်းချိန်တွင် ဘေးအန္တရာယ်ကင်းရှင်းရေးစစ်ဆေးပြီးမှသာ လျှပ်စစ်မီး ပြန်လည်ပို့လွတ်မည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ဒုတိယ(၁၀) ရက်ပတ်အတွက်မြစ်ရေခန့်မှန်းချက်တွင် ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေမှာ ဇူလိုင် ၁၁ ရက်နေ့တိုင်းထွာရရှိသည့် ရေအမှတ်အထက် ၁ ပေခွဲမှ ၃ ပေခွဲခန့်ထိ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

Most Read

Most Recent