လားရှိုးမြို့ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေပြီး ရပ်ကွက်(၁)ရှိ နေအိမ်တစ်လုံး ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီး အရပ်သားခြောက်ဦးသေဆုံး

လားရှိုးမြို့ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေပြီး ရပ်ကွက်(၁)ရှိ နေအိမ်တစ်လုံး ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီး အရပ်သားခြောက်ဦးသေဆုံး
Published 3 July 2024

လားရှိုးမြို့ဝန်းကျင်တွင် ဇူလိုင် ၂  ရက်ညပိုင်းကစတင်ကာ ယနေ့(ဇူလိုင် ၃ ရက်) နံနက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

တိုက်ပွဲများသည် လားရှိုးမြို့ဝန်းကျင်ရှိ တပ်မတော်စခန်းများကို မည့်သည့်လက်နက်ကိုင်အဖွဲ့များက ဝင်ရောက်တိုက်နေသည်ကို ကွဲကွဲပြားပြားမသိရသေးပေ။

တပ်မတော်နှင့်နီးစပ်သည့် တယ်လီဂရမ်ချန်နယ်အချို့တွင် လားရှိုးမြို့အနီးရှိ နမ့်ပေါင်စခန်း၊ ကုန်းညောင်စခန်း၊ နောင်မွန်စခန်းတို့ကို TNLA၊ MNDAA၊ SSPP ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲများအတွင်း လားရှိုးမြို့ထဲသို့ ရှော့တိုက်ဒုံးများ ပစ်ခတ်ခံရပြီး ရှော့တိုက်ဒုံးများသည် ရပ်ကွက်(၁)ရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲသည်ဟု ကနဦးသတင်းများအရ သိရသည်။

ရပ်ကွက်(၁) သာယာလမ်းရှိ နေအိမ်တစ်လုံးပေါ်သို့ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုတွင် မိသားစုဝင်လေးဦးနှင့် ၎င်းနေအိမ်တွင် အခြားဒေသမှ လာရောက်နေထိုင်ကျောင်းတက်နေသည့် ကျောင်းသားနှစ်ဦး စုစုပေါင်းခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“တစ်ညလုံးချနေတာ မနေ့(ဇူလိုင် ၂ ရက်)ညကတည်းက အခုချိန်ထိပဲ။ လက်နက်ကြီးသံတွေ ပတ်လည်ကြားနေရတယ်။ ရှော့တိုက်ဒုံးကျတာ ခြောက်ယောက်သေတာ ဟုတ်တယ်။ အဲဒီအိမ်က ရမခ စစ်ဌာနချုပ်နဲ့ မနီးမဝေးဘဲ။ ရပ်ကွက်(၁)။ အဲဒီနေရာက မြို့လယ်မှာ၊ အခုချိန်ထိ ပစ်သံတွေကြားနေရတုန်း’’ ဟု လားရှိုးမြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ဇူလိုင် ၃ ရက် နံနက် ၁၀ နာရီခန့်က ပြောကြားသည်။

တပ်မတော်ဘက်မှ လက်နက်ကိုင်အဖွဲ့များ ဝင်ရောက်တိုက်ခိုက်နေသည့်ဘက်သို့ လက်နက်ကြီးပစ်ကူများ ပေးနေသကဲ့သို့ လက်နက်ကိုင်များကလည်း ရှော့တိုက်ဒုံးများဖြင့် ပြန်လည်ပစ်ခတ်ခြင်းဖြစ်သည်ဟု သိရသည်။

ရှော့တိုက်ဒုံများသည် ရပ်ကွက် ၁၁ ရှိ လားရှိုးဂေါက်ကွင်းအတွင်းလည်း ကျရောက်ပေါက်ကွဲသည်ဟု သိရသည်။

ထို့ပြင် လားရှိုးမြို့မှ ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဆက်သွယ်ထားသည့် နမ့်ပေါင်- မိုင်းရယ်လမ်းပေါ်ရှိ နမ့်ပေါင်တံတားနှင့် နမ္မဗောဒတံတားနှစ်စင်း ဖောက်ခွဲဖျက်ဆီးခံရကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။

လားရှိုးမြို့အား TNLA က ဝင်ရောက်တိုက်ခိုက်မည်ဟု ပြီးခဲ့သည့် ဇွန်လအတွင်းက သတင်းများထွက်ပေါ်ခဲ့ပြီးနောက် လားရှိုးမြို့တစ်ဝိုက် အဝင်အထွက်လမ်းကြောင်းများကို တပ်မတော်က ခံစစ်ပြင်ဆင်မှုအဖြစ် ဖြတ်တောက်ထားသဖြင့် နမ့်ပေါင်တံတားနှင့် နမ္မဗောဒတံတား ဖောက်ခွဲဖျက်ဆီးခံရပါက လားရှိုးမြို့မှ ရှမ်းပြည်နယ်တောင်ပိုင်းသို့ ထွက်ခွာသည့် တစ်ခုသာကျန်ရှိသော မိုင်းရယ်လမ်းကြောင်းသည် ပြတ်တောက်သွားမည်ဖြစ်သည်။

“လားရှိုးကသွားရင် နမ့်ပေါင်၊ နမ္မဗောဒ၊ ပြီးရင် မိုင်းရယ်ပဲ။ အဲဒီတံတားနှစ်စင်းပဲကျန်တော့တာ အဲဒီတံတားတွေကျိုးရင် လားရှိုးကနေ ဘယ်မှ သွားလို့မရတော့ဘူး။ နမ့်ပေါင်က လားရှိုးနဲ့ မိုင် ၂၀ လောက်ပဲဝေးတယ်။ တံတားက နှစ်ခုလုံးအချိုးခံရလား၊ တစ်ခုပဲလား သေချာမသိရဘူး။ အဲဒီဘက်ကို ဆက်သွယ်ရခက်တော့ သေချာမသိရဘူး’’ ဟု လားရှိုးမြို့ ဒေသခံတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် လားရှိုးမြို့ပေါ်၌ ဈေး၊ စာသင်ကျောင်းများပိတ်ထားပြီး ဒေသခံအချို့က မော်တော်ယာဉ်များတွင် အလံဖြူများ ထောင်ကာ ရွှေ့ပြောင်းမှုအချို့ရှိနေကိုတွေ့ရကြောင်းနှင့် လားရှိုးမြို့မှ အခြားဒေသသို့ သွားရောက်ရန်မှာ ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေသဖြင့် ထွက်ခွာရန် ခက်ခဲမည်ဟု လားရှိုးဒေသခံတစ်ဦးက ပြောကြားသည်။

လားရှိုးလေဆိပ်သို့ ပျံသန်းလျက်ရှိသော ခရီးသွား လေယာဉ်ခရီးစဉ်များ ယနေ့ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

Most Read

Most Recent