WAN-IFRA  ၏၂၀၂၄ ရွှေကလောင်ဆုကို နီကာရာဂွါ နိုင်ငံမှ ပြည်ပသို့ တိမ်းရှောင်နေသည့် ဂျာနယ်လစ် တစ်ဦး ရရှိ

WAN-IFRA  ၏၂၀၂၄ ရွှေကလောင်ဆုကို နီကာရာဂွါ နိုင်ငံမှ ပြည်ပသို့ တိမ်းရှောင်နေသည့် ဂျာနယ်လစ် တစ်ဦး ရရှိ
Published 28 May 2024
Ref: WAN-IFRA

ကမ္ဘာ့သတင်းစာများနှင့်သတင်းစာထုတ်ဝေသူများအဖွဲ့ WAN-IFRA က သတင်း လွတ်လပ်ခွင့်အတွက် နှစ်စဉ်ချီးမြှင့်လေ့ရှိသည့် ၂၀၂၄ ရွှေကလောင်ဆုကို နီကာရာဂွါ နိုင်ငံမှ ပြည်ပသို့ တိမ်းရှောင်နေသည့် ဂျာနယ်လစ် ကားလို့ဖာနန်ဒိုချာမော်ရိုက ရရှိခဲ့သည်။

အဆိုပါ ဆုပေးပွဲအခမ်းအနားကို ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင်တွင်ကျင်းပခဲ့သည်။

ယင်းဆုကို လက်ခံရယူချိန်တွင် ချာမော်ရိုက “၂၀၂၄ ရွှေကလောင်ဆုကို ချီးမြှင့်ခံရတဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ ကျွန်တော့်ရဲ့ နီကာရာဂွါနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်တို့ ရက်ရက်စက်စက် တိုက်ခိုက်ခံနေရချိန်မှာ ကမ္ဘာ့သတင်းစာများနဲ့သတင်းစာထုတ်ဝေသူများအဖွဲ့ WAN-IFRA ကချီးမြှင့်တဲ့ဆုကို ကျွန်တော်ရရှိခဲ့တာဖြစ်ပါတယ်။ အခြားတစ်ဘက်မှာလည်း  အခြား လက်တင်အမေရိကနိုင်ငံအချို့မှာ လွတ်လပ်တဲ့ ဂျာနယ်လစ်ဇင်နဲ့ပတ်သက်ပြီး  ပြစ်မှုအဖြစ် ဥပဒေပြဋ္ဌာန်းတဲ့ လုပ်ငန်းစဉ်ရှိနေပါတယ်။ ကျွန်တော်ဟာ ပြည်ပြေးဘဝနဲ့နေထိုင်ရင်း အရည်အသွေးမီ ဂျာနယ်လစ်ဇင်ကို လုပ်နိုင်တာဟာ ကျွန်တော့်ရဲ့လုပ်ဖော်ကိုင် ဖက်တွေကြောင့်ပါ။ ဒီဆုကိုသူတို့ကိုလည်း မျှဝေပါတယ်”ဟု ပြောကြားခဲ့သည်။

ထို့အပြင်   နိုင်ငံရေးအရ ဖိနှိပ်ခံရပြီး ထောင်ချခံထားရသော လက်တင်အမေရိကဂျာနယ်လစ်များ အတွက်လည်း ဤဆုကို ရည်ရွယ်သည်ဟု ၄င်းကပြောကြားသည်။             

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ရွှေကလောင်ဆု (Golden Pen of Freedom) ကို အကျဉ်းချခံထားရသော အီရန်အမျိုးသမီး ဂျာနယ်လစ်နှစ်ဦးက ပူးတွဲ ရရှိခဲ့သည်။

ရွှေကလောင်ဆုကို ၁၉၆၁ ခုနှစ်မှ စတင်ကာ ကမ္ဘာ့သတင်းစာများနှင့် သတင်းထုတ်ဝေသူများအဖွဲ့(WAN-IFRA)မှ နှစ်စဉ်ပေးအပ်ချီးမြှင့်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် Eleven Media Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင်အား ရွှေကလောင်ဆုကို ပေးအပ်ချီးမြှင့်ခဲ့ကာ မြန်မာနိုင်ငံတွင် စတုတ္ထမြောက် ဆုရရှိသူလည်း ဖြစ်ခဲ့သည်။ အဆိုပါ ရွှေကလောင်ဆုကို  မြန်မာနိုင်ငံမှ ပထမဆုံးရရှိခဲ့သူမှာ ဂါးဒီးယန်း ဦးစိန်ဝင်း က ပထမဆုံးရရှိခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် ရရှိခဲ့သည်။၂၀၀၁ ခုနှစ်တွင် ဟံသာဝတီ ဦးဝင်းတင်နှင့် ဒေါ်စမ်းစမ်းနွဲ့ (သာယာဝတီ) တို့ကလည်းယင်းဆုကို ပူးတွဲရရှိခဲ့ကြသည်။

 

 

Most Read

Most Recent