ယခင်က တစ်ရက်လျှင် လေးနာရီသာ လျှပ်စစ်မီးရရှိသည် ရန်ကုန်တိုင်းရှိ စက်မှုဇုန်များတွင် လျှပ်စစ်မီးရရှိမှုအချိန်တိုးလာ

ယခင်က တစ်ရက်လျှင် လေးနာရီသာ လျှပ်စစ်မီးရရှိသည် ရန်ကုန်တိုင်းရှိ စက်မှုဇုန်များတွင် လျှပ်စစ်မီးရရှိမှုအချိန်တိုးလာ
Published 18 June 2024

ယခင်က တစ်ရက်လျှင် လေးနာရီသာ လျှပ်စစ်မီးရရှိသည် ရန်ကုန်တိုင်းရှိ စက်မှုဇုန်များတွင် လျှပ်စစ်မီးရရှိမှု အချိန်တိုးလာကြောင်း ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များတွင် နေထိုင်သူများထံမှ သိရသည်။

“ဒီစနေနေ့ကနေစပြီး မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ စလာပြီ။ ပြတ်တောက်တာလည်း သိပ်မရှိဘူး” ဟု သာကေတစက်မှုဇုန်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ယခင်က တစ်ရက်လျှင် လေးနာရီသာရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များတွင် ဇွန် ၁၅ ရက်မှ စတင်ကာ လျှပ်စစ်မီးများ နေ့စဉ် နံနက် ၉ နာရီ ညနေ ၅ နာရီအထိ ပြန်လည်ရရှိနေခြင်းလည်းဖြစ်သည်။

“မီးပြန်လာတော့ကောင်းတယ်။ လုပ်ငန်းအတွက် စက်သုံးဆီတွေတော့ မကုန်တော့ဘူး။ အခုလာတာကတော့ ပြတ်တဲ့ဟာလည်း နည်းလာတယ်” ဟု တောင်ဒဂုံစက်မှုဇုန်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် မေ ၂၂ ရက်မှစတင်ကာ ရန်ကုန်တိုင်းရှိ စက်မှုဇုန်များတွင် နံနက် ၅ နာရီမှ ၇ နာရီအထိသာ လျှပ်စစ်မီးရရှိခဲ့သဖြင့် စက်မှုဇုန်လုပ်ငန်းရှင်များမှာ အခက်အခဲတွေ့ခဲ့ရကြောင်း သိရသည်။

ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်း၊ ဆည်များ၌ ရေပြည့်ဝစွာ မရရှိခြင်းတို့ကြောင့် လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်ကိုသာ ထုတ်လုပ်ပေးနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီးသို့ ၄၆ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးသို့ ၁၆ ရာခိုင်နှုန်းနှင့် ကျန်တိုင်းဒေသကြီး/ပြည်နယ်များသို့ ၃၈ ရာခိုင်နှုန်း ခွဲဝေဖြန့်ဖြူးပေးလျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်သည်။

လက်ရှိဓာတ်အားထုတ်လုပ်မှု၌ အပူစွမ်းအင်သုံးစက်ရုံများရှိ သဘာဝဓာတ်ငွေ့ အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအချိုးသည် ရာခိုင်နှုန်း ၅၀ ခန့်ရှိသော်လည်း သဘာဝဓာတ်ငွေ့ရရှိနိုင်မှု လျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မှုသည်လည်း ယခုကာလအတွင်း ၄၄၆ မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိပြီး စုစုပေါင်းစက်များ၏ တင်ဆင်အင်အားများမှ ရေအားနှင့် သဘာဝဓာတ်ငွေ့သုံး စက်ရုံများ၏ ထုတ်လုပ်မှုတွင် ၇၉၉ မဂ္ဂါဝပ်ခန့် အသားတင် လျော့နည်းထုတ်လုပ်ရလျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျန်ရှိသော စက်တပ်ဆင်အင်အား ၆၃၈၅ ဒသမ ၄၆ မဂ္ဂါဝပ်မှ ထုတ်လုပ်၊ ဖြန့်ဖြူးနိုင်ရန် စီမံဆောင်ရွက်ရာတွင် ၂၀၂၃ ခုနှစ် မုတ်သုံရာသီ၌ ပုံမှန်မိုးရွာသွန်းမှုအောက်၌ ဆက်လက်ရှိနေ၍ ဆည်များ၌ ရေပြည့်ဝစွာမရရှိခြင်း၊ ဓာတ်အားစနစ်အတွင်း တစ်နိုင်ငံလုံးကို ဓာတ်အားစဉ်ဆက်မပြတ် တည်ငြိမ်စွာရရှိစေရန်အတွက် မိုးမကျမီကာလအတွင်းအထိ ဓာတ်အားပြတ်တောက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် နိုဝင်ဘာမှ ဇွန်လအထိ ယခင်သိုလှောင်ထားရှိသည့် ရေများကို ချိန်ညှိ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရခြင်း၊ သဘာဝဓာတ်ငွေ့ရရှိမှုတို့ကို ထိန်းညှိ၍ လုံလောက်စွာ မရရှိသဖြင့် တပ်ဆင်ထားသောစက်များ၏ စက်စွမ်းအားပြည့် လည်ပတ်နိုင်မှုမရှိခြင်း စသည်တို့ကြောင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ ၂၈၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်ကိုသာ ထုတ်လုပ်ပေးလျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။      

Most Read

Most Recent