
Published 23 May 2024

၁၆ ကြိမ်မြောက် EPS-TOPIK စာမေးပွဲ ကုန်ထုတ်လုပ်ငန်းအား ပထမအသုတ်အဖြစ် ဖြေဆိုခွင့်အမှတ်စဉ် ၅၁၀၀၀၀၀၁ မှ ၅၁၀၄၁၆၀၀ အထိ ဖြေဆိုရမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA-EPS) ၏ ကြေညာချက်အရ သိရသည်။

ကြေညာချက်အရ ၁၆ ကြိမ်မြောက် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ ကုန်ထုတ်လုပ်ငန်း ပထမအသုတ် ၅၁၀၀၀၀၀၁ မှ ၅၁၀၄၁၆၀၀ ထိကို ဇွန် ၃ ရက်မှ စက်တင်ဘာ ၁၀ ရက်အထိ စာမေးပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ ဒုတိယအသုတ် ဖြေဆိုမည့်သူများအတွက် အချိန်ဇယားကို HRD-Korea မှ ပေးပို့လာပါက ဆက်လက်ကြေညာမည်ဖြစ်ကြောင်း သိရသည်။

စာမေးပွဲဖြေဆိုမည့်သူများသည် မိမိဖြေဆိုရမည့် ဖြေဆိုခွင့်အမှတ်စဉ် နေ့ရက်၊ အခန်းနှင့် အချိန်တို့ကို သေချာစွာမှတ်သားထားရန်၊ ဖြေဆိုရမည့်အချိန်ထက် ၁ နာရီစော၍ စာမေးပွဲခန်းမသို့ လာရောက်ရန်၊ ဖြေဆိုရမည့်နေရာသည် ပင်လုံခန်းမ၊ ၄၃ ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ဖြစ်ပြီး Passport စာအုပ်မူရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဖြေဆိုခွင့်အမှတ်စဉ်ပါစာရွက် ယူဆောင်လာရန်၊ EPS-TOPIK နှင့် Color Blind စစ်ဆေးပြီး အောင်မြင်သူများအား ပထမအဆင့် အောင်စာရင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ ပထမအဆင့် အောင်မြင်သူများသည် Skills Test ဖြေဆို၍ အပြီးသတ်အောင်စာရင်းတွင် ပါရှိမှသာ ကျန်းမာရေးစစ်ဆေးမှုခံယူ၍ အလုပ်လျှောက်လွှာ တင်သွင်းခွင့်ရရှိမည်ဖြစ်ကြောင်း၊ လူစားထိုးဝင်ရောက်ဖြေဆိုခွင့်မပြုကြောင်း၊ စာမေးပွဲဖြေဆိုချိန်တွင် မမှန်ကန်သည့် နည်းလမ်းဖြင့် ပြုလုပ်နိုင်သည့် လက်ကိုင်ဖုန်းအပါအဝင် အီလတ်ထရောနစ်ပစ္စည်း၊ စက်ပစ္စည်းများအား ယူဆောင်ခွင့်မပြုကြောင်း၊ စည်းကမ်းလိုက်နာရန် ပျက်ကွက်ပါက အဖြေလွှာအား ပယ်ဖျက်ခြင်းခံရခြင်းနှင့် လေးနှစ်ကြာ ပိတ်ပင်ခြင်းခံရမည်ဖြစ်ပြီး တည်ဆဲဥပဒေများအရလည်း အရေးယူခံရနိုင်ကြောင်း၊ စာမေးပွဲဖြေဆိုမည့်သူများ ရှပ်အကျီ င်္နှင့် ပုဆိုးဝတ်ဆင်လာရန်နှင့် အရက်သေစာ သောက်စားထားပါက စာမေးပွဲခန်းသို့ ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA-EPS)က ကြေညာထားသည်။

ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန် ဖြေဆိုရသည့် အဆိုပါ ၁၆ ကြိမ်မြောက် EPS-TOPIK စာမေးပွဲကို စိုက်ပျိုး/မွေးမြူရေးနှင့် ဆောက်လုပ်ငန်းရေးလုပ်ငန်းများမှစ၍ ဖြေဆိုခဲ့ကြောင်း၊ ယင်းလုပ်ငန်းများတွင် ဖြေဆိုမည့်သူဦးရေ ၄၇၇၉ ဦးရှိပြီး ဧပြီ ၃၀ ရက်မှ မေ ၁၀ ရက်အထိ ဖြေဆိုခဲ့သည်။

ယင်းနောက် ဝန်ဆောင်မှုလုပ်ငန်းအုပ်စု ၁၊ ၂ ကို မေ ၁၀ ရက်မှ မေ ၂၉ ရက်အထိ ဖြေဆိုရန်သတ်မှတ်ထားပြီး ဖြေဆိုမည့်သူဦးရေ ၈၄၈၁ ဦးရှိကြောင်း သိရသည်။

အဆိုပါကျင်းပမည့် ၁၆ ကြိမ်မြောက် EPS-TOPIK စာမေးပွဲတွင် စာမေးပွဲဖြေဆိုခွင့် မှတ်ပုံတင်ကြေးပေးသွင်းသူဦးရေ ကိုးသောင်းနီးပါးရှိပြီး စာမေးပွဲလျှောက်လွှာတင်သွင်းသူ တစ်သိန်းကျော်ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent