ကော့ကရိတ်မြို့ခံ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး စစ်ကျန်မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ခြေထောက်ပြတ်ဒဏ်ရာရရှိခဲ့

ကော့ကရိတ်မြို့ခံ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး စစ်ကျန်မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ခြေထောက်ပြတ်ဒဏ်ရာရရှိခဲ့
Published 31 May 2024

ကရင်ပြည်နယ် ကော့ကရိတ်မြို့ခံ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးမှာ  စစ်ကျန်မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် ခြေထာက်ပြတ်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် မေလ (၂၈) ရက် မွန်းလွဲ(၂)နာရီအချိန်ခန့်က ကော့ကရိတ်မြို့၊ အမှတ်(၄)ရပ်ကွက်တွင် နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်တိမ်းပြီးနောက် နေရပ်ပြန်လာသည့် အသက်(၅၀)နှစ်ခန့် အမျိုးသမီးတစ်ဦးမှာ ၎င်း၏နေအိမ်ခြံဝင်းအတွင်း အဝတ်လှမ်းနေစဉ် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မြိုခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲမှုကြောင့် အဲ့ဒီအမျိုးသမီးရဲ့ ဘယ်ဘက်ခြေထောက်ပြတ်သွားလို၊ ညာဘက်ခြေထောက်မှာလည်း ပေါက်ပြဲဒဏ်ရာတွေရသွားတယ်ဟု ပြောကြားသည်။

မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် အမျိုးသမီးမှာ ကော့ကရိတ်မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း ၎င်းမြို့ခံက ဆိုသည်။

ပြီးခဲ့သည့် မေလ(၁၄)ရက်နေ့ကလည်း ကော့ကရိတ်မြို့ အမှတ်(၂)ရပ်ကွက်၊ ဝင်းကြီးကွက်သစ်အပိုင်းတွင် စစ်ကျန်လက်နက်ကြီးတစ်လုံး ပေါက်ကွဲမှုကြောင့် နေရပ်စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်ပြီးနောက် နေရပ်သို့ပြန်လာသည့် အမျိုးသားတစ်ဦး သေဆုံးခဲ့သေးကြောင်း ကော့ကရိတ်မြို့ခံများထံမှ သိရသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့အား ပြီးခဲ့သည့်(၂၀၂၃)ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့က ကေအဲန်ယူ/ကေအဲန်အယ်လ်အေ/ပီဒီအက်ဖ် ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရမှ လုံခြုံရေးတပ်ဖွဲ့များနှင့် လပေါင်းများစွာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲများအတွင်း ကော့ကရိတ်မြို့ခံပြည်သူ(၃၀)ဦးထက်မနည်း သေဆုံးခဲ့သည့်အပြင် နေအိမ်ပေါင်း ရာနှင့်ချီကာ မီးလောင်ပျက်ဆီးခဲ့ပြီး၊ မြို့ခံပြည်သူအားလုံးနီးပါး နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

ပြီးခဲ့သည့်(၂၀၂၄)ခုနှစ် ဧပြီလ(၂၀)ရက်နေ့က လုံခြုံရေးတပ်ဖွဲ့များက ကော့ကရိတ်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေကြသည့် မြို့ခံပြည်သူတချို့မှာ နေရပ်သို့ပြန်လာကာ ပြန်လည်နေထိုင်မှုများရှိနေကြပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent