မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၅၇၆၇ ဦးအနက် ၃၄၀၇ ဦး ဖြေဆိုအောင်မြင်

မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၅၇၆၇ ဦးအနက် ၃၄၀၇ ဦး ဖြေဆိုအောင်မြင်
Published 11 June 2024

ဇွန် ၁၁ ရက် ထုတ်ပြန်ခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းအရ မွန်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၅၇၆၇ ဦးအနက် ၃၄၀၇ ဦး အောင်မြင်ခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း ၄၆၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၂၈၈ ဦး အောင်မြင်ခဲ့ပြီး ဘီးလင်းမြို့နယ်အတွင်း ၃၉၃ ဦးဖြေဆိုခဲ့ရာ ၂၄၄ ဦးအောင်မြင်ခဲ့ကြောင်း၊ သထုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုသူပေါင်း ၄၅၉) ဦးရှိခဲ့ရာ ၂၇၄ ဦး အောင်မြင်ခဲ့ကာ ပေါင်မြို့နယ်အတွင်း ၄၃၀ ဦးဖြေဆိုခဲ့ရာ ၂၅၈ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မော်လမြိုင်မြို့နယ်အတွင်းမှ ဝင်ရောက်ဖြေဆိုသူပေါင်း ၁၄၄၈ ဦးရှိခဲ့ရာ ၉၇၂ ဦး အောင်မြင်ခဲ့ကြောင်း၊ ချောင်းဆုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေသူဆိုပေါင်း ၄၄၇ ဦးရှိခဲ့ရာ ၂၈၃ ဦး အောင်မြင်ခဲ့ကြောင်း၊ ကျိုက်မရောမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေသူဆိုပေါင်း ၃၀၃ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၁၇၄ ဦးအောင်မြင်ခဲ့ကြောင်း၊ မုဒုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေသူဆိုပေါင်း ၇၄၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၄၈၅ ဦး အောင်မြင်ခဲ့ကြောင်းနှင့် သံဖြူဇရပ်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေသူဆိုပေါင်း ၆၂၅ ဦးရှိခဲ့ရာ ၃၅၇ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

ထို့အတူ မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသူပေါင်း ၄၅၃ ဦးရှိခဲ့ရာ ၇၂ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်းလည်း မွန်ပြည်နယ် ပညာရေးမှူးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ စာရင်းရှိကျောင်းသား/သူ စုစုပေါင်းက ၆၀၁၅ ဦး ရှိခဲ့ပါတယ်။ စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ စုစုပေါင်းက ၅၇၆၇ ဦး ရှိခဲ့ပါတယ်။ ပျက်ကွက်သူ ၂၄၈ ဦးရှိခဲ့ပါတယ်။ အောင်မြင်သူစုစုပေါင်းကတော့ ၃၄၀၇ ဦးရှိပါတယ်။ အောင်ချက်ရာခိုင်နှုန်းအားဖြင့်တော့ ၅၉ ဒသမ ၀၈ ရာခိုင်နှုန်းရှိပါတယ်” ဟု ပြောကြားသည်။

၎င်းအပြင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မွန်ပြည်နယ်၌ ခြောက်ဘာသာဂုဏ်ထူးရှင် ၄၆) ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၄၁ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၆၂ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၉၉ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၅၄ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၄၄၇ ဦး ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent