ဗလမင်းထင်တံတား လုံခြုံရေးဂိတ် လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခံရ

ဗလမင်းထင်တံတား လုံခြုံရေးဂိတ် လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခံရ
Published 10 May 2024

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မိုင်းနားကျေးရွာအဝင်ရှိ တပ်မတော် လုံခြုံရေးဂိတ်ကို KIA နှင့် ပူးပေါင်းအဖွဲ့များက မေ ၉ ရက် မွန်းလွဲသုံးနာရီကျော်တွင်လက်နက်ကြီးနှင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြင်တွေ့ခဲ့သူများက ဆိုသည်။ 

'' လက်နက်ကိုင်အဖွဲ့တွေကကြိုဆိုပါ၏ ဆိုင်းဘုတ်နားကနေ ကားသုံးလေးစီးနဲ့ လက်နက်ကြီးနှင့်  လာပစ်တာ။ ပေ ၅၀၀ လောက်ပဲ ဝေးမယ်။ မကြာပါဘူး။ဘာထွေ ထပ်ဖြစ်မှန်းတော့ မသိဘူး ။အပြန်အလှန် ခဏဖြစ်တယ်။ မီးလောင်တာက လက်နက်ကြီးကျလို့ လောင်တာ  ။ ကားနှင့် ဆိုင်ကယ်လည်း မီးလောင်တာ တွေ့တယ်။အနီးအနားက လူတွေက အားလုံးကြောက်လန့်ထွက်ပြေးကြတာ။ အရပ်သား ထိတာတော့ မကြားမိသေးဘူး။ ရဲတစ်ဦးကျတယ်။နှစ်ယောက်က ဒဏ်ရာရကြတယ်။  အဲဒီနားက အိမ်တွေက ညပါမအိပ်ရဲလို့ အခြားဆွေမျိုးအိမ်တွေ ပြောင်းအိမ်နေကြတယ်''ဟု ဆိုသည်။

ပစ်ခတ်မှုကြောင့် ဗလမင်းထင် တံတားကို ယာယီပိတ်ထားခဲ့ပြီး ညနေ ငါးနာရီတွင် ပြန်လည် ဖွင့်ပေးခဲ့ကြောင်း သိရသည်။

ယင်းဂိတ်မှာ ၂၀၂၁ ခုနှစ် ဇွန်လ ၂၃ ရက်ကလည်း KIA က လာရောက်ပစ်ခတ်ခဲ့ပြီး ယာဉ်ထိန်းရဲ တစ်ဦးဒဏ်ရာရရှိခဲ့သည်။

Most Read

Most Recent