နိုင်ငံခြားရေးဝန်ကြီး၊ NSPNC အတွင်းရေးမှူးတို့နှင့် တရုတ်သံအမတ်ကြီး သီးခြားစီတွေ့ဆုံ၍ မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများ ကောင်းမွန်သော စီးပွားရေးလုပ်ကိုင်ရန် ပတ်ဝန်းကျင်ဖန်တီးရေးနှင့် နယ်စပ်ဒေသတည်ငြိမ်ရေး ကိစ္စရပ်များ ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီး၊ NSPNC အတွင်းရေးမှူးတို့နှင့် တရုတ်သံအမတ်ကြီး သီးခြားစီတွေ့ဆုံ၍ မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများ ကောင်းမွန်သော စီးပွားရေးလုပ်ကိုင်ရန် ပတ်ဝန်းကျင်ဖန်တီးရေးနှင့် နယ်စပ်ဒေသတည်ငြိမ်ရေး ကိစ္စရပ်များ ဆွေးနွေး
ပုံစာ- နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်သံအမတ်ကြီး ၂၀၂၃ ခုနှစ်အတွင်းက တွေ့ဆုံဆွေးနွေးစဉ်။ (ပုံဟောင်း)
ပုံစာ- နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်သံအမတ်ကြီး ၂၀၂၃ ခုနှစ်အတွင်းက တွေ့ဆုံဆွေးနွေးစဉ်။ (ပုံဟောင်း)
Published 28 March 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင်းတို့ မတ်လ ၂၈ ရက်တွင် နေပြည်တော်၌  တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်ဦးနှစ်ဖက်က တရုတ်-မြန်မာနှစ်နိုင်ငံ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တရုတ်လုပ်ငန်းကုမ္ပဏီများအတွက် ကောင်းမွန်သော စီးပွားရေးလုပ်ကိုင်ရန်ပတ်ဝန်းကျင်ကို ဖန်တီးသွားရေးတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြောင်းသိရသည်။

ထို့ပြင် နှစ်ဦးနှစ်ဖက်က မြန်မာနိုင်ငံပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်ချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)  အတွင်းရေးမှူးနှင့် ညှိနှိုင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင်းတို့ မတ်လ ၂၈ ရက်၌ပင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံမှုတွင် နှစ်ဦးနှစ်ဖက်က မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံမြောက်ပိုင်းအရေးကိစ္စ ငြိမ်းချမ်းရေးဆွေးနွေးမှု သဘောတူညီမှုချက် အကောင်အထည်ဖော်ဆောင်သည့် အခြေအနေကို သုံးသပ်ခဲ့ကြောင်းသိရသည်။

တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင်း မြန်မာနိုင်ငံသည် ပဋိပက္ခကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဆက်လက်ဖြေရှင်းကာ မြန်မာနိုင်ငံ ပြည်တွင်းပဋိပက္ခ အခြေအနေတည်ငြိမ်လာစေရန်မျှော်လင့်ကြောင်း၊  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်မှုရရှိပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုကို ကာကွယ်ရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံက ယင်းအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်သံရုံးကထုတ်ပြန်သည်။

ထို့အတူ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍမှပါဝင်မှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်ရန်နှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုကို စောင့်ရှောက်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ၎င်းအတွက် ဆက်လက်ကြိုးပမ်းကာ တရုတ်နိုင်ငံနှင့်အတူ အမြဲညှိနှိုင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်မှုအရ သိရသည်။

 

Most Read

Most Recent