အင်္ဂပူမြို့နယ်၊ သက္ကယ်ပြင်(သံ)ကျေးရွာရှိ မီးဘေးသင့် အိမ်ခြေများ ပြန်လည်တည်ဆောက်နိုင်ရေး အကူအညီ လိုအပ်နေ

အင်္ဂပူမြို့နယ်၊ သက္ကယ်ပြင်(သံ)ကျေးရွာရှိ မီးဘေးသင့် အိမ်ခြေများ ပြန်လည်တည်ဆောက်နိုင်ရေး အကူအညီ လိုအပ်နေ
Published 29 February 2024

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ သက္ကယ်ပြင်(သံ)ကျေးရွာရှိ မီးဘေးသင့်အိမ်ခြေများ ပြန်လည် တည်ဆောက်နိုင်ရေး အကူအညီလိုအပ်နေကြောင်း သိရသည်။ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ်ပိုင်းက မီးဘေး ကြုံတွေ့ခဲ့ခြင်းဖြစ်ပြီး လူနေအိမ်(၁၅) လုံးထိ မီးဘေးသင့်ခဲ့ကြောင်း သိရသည်။

"မီးဘေးသင့်မိသားစုတွေ စားဝတ်နေရေး လတ်တလော အဆင်ပြေအောင် စီစဉ်ကြရပါတယ်။ ထောက်ပံ့တာတွေ စနစ်တကျ သက်ရောက်မှုရှိနိုင်ဖို့ ရပ်မိရပ်ဖတွေကလည်း မီးဘေးသင့်အိမ်တွေ ပြန်လည်ထူထောင်ပေးနိုင်ဖို့ စီစဉ်နေပါတယ်။ ဝါးအိမ်လေးတွေ ဆောက်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဝါးအိမ်တစ်လုံးကို (၁၀)သိန်းဝန်းကျင် ကုန်ကျနိုင်ပါတယ်။ အလှူငွေက အတော်လိုအပ်နေပါသေးတယ်"ဟု ရပ်မိရပ်ဖတစ်ဦးက ဖြေကြားသည်။

"မီးဘေးသင့်မိသားစုတွေက အဝတ်အစား ပန်းကန်ခွက်ယောက်ကအစ မီးထဲအကုန်ပါသွားကြတော့ အစကနေ ခက်ခက်ခဲခဲပြန်လည်ထူထောင်နေကြရတဲ့အခြေအနေရှိပါတယ်။ တချို့က ဆွေမျိုးသားချင်းအိမ်ရှိသေးရင် လတ်တလောကပ်နေကြရတယ်။ အများစုကတော့ မြေပြင်မှာ မလုံမခြုံယာယီတဲလေးတွေထိုးပြီးနေကြရတယ်။ ပရဟိတအဖွဲ့တွေ၊ အလှူရှင်တွေဘက်ကလည်း လတ်တလောအဆင်ပြေရေး လိုအပ်နိုင်တာလေးတွေ တစ်နိုင်လှူဒါန်းကြပါတယ်။ ဆေးရုံတက်နေတဲ့ မီးဟပ်ဒဏ်ရာရသူကိုလည်း ကျွန်တော်တို့ တစ်နိုင်ထောက်ပံ့ဖြစ်ပါတယ်။ အိမ်တွေ ပြန်လည်တည်ဆောက်နိုင်ဖို့ လှူဒါန်းပေးမယ့်အလှူရှင်တွေ ပေါ်လာစေချင်တယ်။ မီးဘေးသင့်မိသားစုတွေ အတော် အခက်အခဲရှိပါတယ်"ဟု ကူညီလှူဒါန်းပေးခဲ့သူ တစ်ဦးက ဖြေကြားသည်။

Most Read

Most Recent