သထုံမြို့နယ် ဒုံဝန်းဘူတာနှင့် သိမ်ဆိပ်ဘူတာကြား မိုးကောင်းကျေးရွာအနီးရှိ ရန်ကုန်-မော်လမြိုင်ရထားလမ်းပေါင်းကူးတံတား မိုင်းခွဲဖျက်ဆီးခံရပြီး ကျောက်တင်ကုန်ရထားတွဲဆိုင်းများ လမ်းချော်ခြင်း၊ တိမ်းမှောက်ခြင်းများ ဖြစ်ပွား

သထုံမြို့နယ် ဒုံဝန်းဘူတာနှင့် သိမ်ဆိပ်ဘူတာကြား မိုးကောင်းကျေးရွာအနီးရှိ ရန်ကုန်-မော်လမြိုင်ရထားလမ်းပေါင်းကူးတံတား မိုင်းခွဲဖျက်ဆီးခံရပြီး ကျောက်တင်ကုန်ရထားတွဲဆိုင်းများ လမ်းချော်ခြင်း၊ တိမ်းမှောက်ခြင်းများ ဖြစ်ပွား
Published 18 March 2024

မွန်ပြည်နယ် သထုံမြို့နယ် ဒုံဝန်းဘူတာနှင့် သိမ်ဆိပ်ဘူတာကြား မိုးကောင်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ရထားလမ်းတွင် မတ် ၁၈ ရက် နံနက် ၇ နာရီခန့်က မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး ကျောင်တင်ကုန်ရထားတွဲဆိုင်းများ လမ်းချော်ခြင်း နှင့် တိမ်းမှောက်ခြင်းများဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းဘူတာမှ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ကလိကျေးရွာသို့သွားမည့် လမ်းခင်းကျောက်များ တင်ဆောင်လာသော တွဲဆိုင်း ၁၄ တွဲပါ အမှတ် ၆၈၆ ကျောက်တင်ကုန်ရထားမှာ သထုံမြို့နယ် မိုးကောင်းကျေးရွာအနီး ရန်ကုန်- မော်လမြိုင်ရထားလမ်း ရထားလမ်းမိုင်တိုင်အမှတ် (၁၂၃/၁) နှင့် (၁၂၂/၂၃) ကြား ပေါင်းကူးတံတားအမှတ် (၇၅) အရောက်တွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း မော်လမြိုင်ဘူတာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “မိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့ ရထားပေါင်းကူးတံတားက အောက်ခံအုတ်ခုံဘောင်က ပျက်စီးသွားတယ်။ နောက်ရထားလမ်းက ပေ ၂၀ လောက်ပျက်စီးသွားပါတယ်။ အဲဒီ့အပြင်ကို  ရထားသံလမ်းအဆက်တွေလည်း ပြုတ်ထွက်ကုန်ပြီးတော့ ရထားတွဲ ဆိုင်းနှစ်တွဲက လမ်းချော်သွားတယ်။ ရထားတွဲဆိုင်းငါးတွဲကတော့ တိမ်းမှောက်သွားတယ်။ အားလုံးက ကုန်တွဲတွေပါပဲ။ လူထိခိုက်မှုတော့ မရှိပါဘူး” ဟု ပြောကြားသည်။

အဆိုပါအခြေအနေကြောင့် မတ် ၁၈ ရက် နံနက် ၈ နာရီခွဲတွင် မော်လမြိုင်ဘူတာမှ ရန်ကုန်ဘူတာကြီးသို့ ထွက်ခွာသွားသည့် လူစီးအမြန်ရထားနှင့် ရန်ကုန်ဘူတာကြီးမှ မော်လမြိုင်ဘူတာကြီးသို့ ထွက်ခွာလာသည့် လူစီးအမြန်ရထားတို့မှ ခရီးသည်များအား Transit ပြုလုပ်ရန်စီစဉ်နေကြောင်းနှင့် မတ် ၁၉ ရက်တွင် ထွက်ခွာမည့် လူစီးရထားတွဲများအတွက် လက်မှတ်များရောင်းချနေမှုကိုလည်း ယာယီရပ်ဆိုင်းထားကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ပျက်စီးသွားသည့် ရထားလမ်းပေါင်းကူးတံတားနှင့် ရထားလမ်းအား အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရန် သက်ဆိုင်ရာ လမ်းအင်ဂျင်နီယာအဖွဲ့များ သွားရောက်စစ်ဆေးနေကြောင်း သိရသည်။

ရန်ကုန် - မော်လမြိုင်ရထားလမ်းပေါ်ရှိ ပေါင်မြို့နယ်၊ သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်များအတွင်း ရထားလမ်းများ မကြာခဏ မိုင်းခွဲဖျက်ဆီးခံရလေ့ရှိသည့်အပြင် လူစီးရထားများ၊ ကုန်တင်ရထားတွဲများ မကြာခဏ မိုင်းခွဲခံရလေ့ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ် သြဂုတ် ၂၀ ရက် နံနက်ပိုင်းကလည်း သထုံမြို့နယ် ဒုံဝန်းဘူတာနှင့် သိမ်ဆိပ်ဘူတာကြား ရထားမိုင်တိုင်အမှတ် (၁၂၃/၂၃) နှင့် (၁၂၃/၂၄) ကြားတွင် ဘီးလင်းဘက်မှ သထုံဘူတာဘက်သို့ မောင်းနှင်လာသည့် ကျောက်တင်ကုန်ရထားတစ်စင်းမှာ မိုင်းဆွဲဖျက်ဆီးခံခဲ့ရဖူးပြီး ကုန်ရထား ထိခိုက်မှုမရှိခဲ့သော်လည်း ရထားလမ်းမှာ တစ်ပေခန့် ပြတ်တောက်ပျက်စီးခဲ့သည်။

Most Read

Most Recent