စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ဦးရေ ၁၃၀၀ ခန့်ကို စားနပ်ရိက္ခာနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့ကူညီ

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ဦးရေ ၁၃၀၀ ခန့်ကို စားနပ်ရိက္ခာနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့ကူညီ
Published 26 March 2024

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ဦးရေ ၁၃၀၀ ခန့်ကို စားနပ်ရိက္ခာနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့ကူညီခဲ့ကြောင်း သတင်းရရှိသည်။ 

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် မင်းတပ်မြို့နယ်အတွင်း မတ် ၂၀ ရက်မှ ၂၁ ရက်အထိ အိမ်ထောင်စုပေါင်း ၂၈၃ စုမှ လူဦးရေ ၁၂၆၆ ဦးအတွက် ထောက်ပံ့ကူညီပေးခဲ့ခြင်းလည်း ဖြစ်သည်။  

"ဒီလိုကူညီခဲ့တာက လိုအပ်ချက်တွေအတွက် အပြည့်အဝမဟုတ်သည့်တိုင် သူတို့အတွက်များစွာ အထောက်အကူဖြစ်စေခဲ့ပါတယ်"ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပြောကြားသည်။ 

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း အမှန်တကယ်လိုအပ်သည့်နေရာများမှ ပြည်သူလူထုထံ ထိရောက်သော လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ကြက်ခြေနီ အခြေခံမူများနှင့်အညီ အစဉ်အမြဲ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

မတ် ၂၀ ရက်က ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပန်းအော့ကျေးရွာ၊ ဖွီကျေးရွာ၊ တောင်ပုလုဘုန်းတော်ကြီးကျောင်းနှင့် Baptist Church တို့တွင် ရောက်ရှိနေကြသည့် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ခံစားရသည့် အိမ်ထောင်စု ၁၆၈ စုအတွက် လိုအပ်နေသော အသုံးအဆောင်ပစ္စည်းများကို အဆိုပါအိမ်ထောင်စုများ လက်ဝယ်အရောက် အသင်းဌာနချုပ်မှ တာဝန်ရှိသူများနဲ့ ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်ထောက်ပံ့ကူညီပေးခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထုတ်ပြန်သည်။ 

ထိုသို့ထောက်ပံ့ကူညီရာတွင် အမျိုးသမီးတစ်ကိုယ်ရေသုံးပစ္စည်း ၁၃၉ အိတ်၊ အမျိုးသားတစ်ကိုယ်ရေသုံးပစ္စည်း ၁၃၈ အိတ်၊ ကလေးမီးဖွားသန့်စင်သုံးပစ္စည်း ငါးအိတ်၊ ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာပံ့ပိုးခြင်း အိတ် ၆၄ အိတ်၊ မွေးကင်းစကလေးသုံးပစ္စည်း ၅၂ အိတ်၊ ကလေးဝတ်အကျႌထုပ် ၆၆ ထုပ်၊ ခြင်ထောင် ၁၆၈၊ စောင် ၁၆၈ ထည်၊ တာပေါ်လင် ၁၀၇ စ၊ ဆီ (၁လီတာဘူး) ၃၃၆ ဘူး၊ ဆား ၁၆၈ ထုပ်၊ ငါးခြောက်အထုပ်ငယ် ၁၆၈ ထုပ်၊ ပဲ ၁၆၈ ထုပ် တို့ကို ထောက်ပံ့ကူညီခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊  ဘောင်ထဲကျေးရွာ၊ ဘော(၃)ရွာ၊ မြို့ဦးဘုန်းတော်ကြီးကျောင်း၊ မက်သဒစ်ဘုရားကျောင်း၊ စိချဲ့ဘုရားကျောင်း၊ ရွှေနှလုံးတော်ဘုရားကျောင်းတို့တွင် ရောက်ရှိနေသော အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ခံစားရသည့် အိမ်ထောင်စု ၁၁၅ စုအတွက် လိုအပ်နေသည့် အသုံးအဆောင်ပစ္စည်းများကို မတ် ၂၁ ရက်က အဆိုပါအိမ်ထောင်စုများထံ လက်ဝယ်အရောက် အသင်းဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များက ဆက်လက်ထောက်ပံ့ ကူညီပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထိုသို့ထောက်ပံ့ကူညီရာတွင် အမျိုးသမီးတစ်ကိုယ်ရေသုံးပစ္စည်း ၁၁၁ အိတ်၊ အမျိုးသားတစ်ကိုယ်ရေသုံးပစ္စည်း ၁၁၀ အိတ်၊ ကလေးမီးဖွားသန့်စင်သုံးပစ္စည်းအိတ် ၁၀ ၊ ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာပံ့ပိုးခြင်း အိတ် ၅၆ အိတ်၊ မွေးကင်းစကလေးသုံးပစ္စည်း အိတ် ၄၀၊ ကလေးဝတ်အကျႌထုပ် ၆၀၊ ခြင်ထောင် ၁၁၅ ၊ စောင် ၁၁၅ ထည်၊ တာပေါ်လင် ၈၃ စ၊ ဆီ (၁လီတာဘူး) ၂၃၀ ဘူး၊ ဆား ၁၁၅ ထုပ်၊ ငါးခြောက်အထုပ်ငယ် ၁၁၅ ထုပ်၊ ပဲ ၁၅၅ ထုပ်တို့ကို ထောက်ပံ့ကူညီခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထုတ်ပြန်သည်။ 

ထို့ပြင် အကူအညီ လိုအပ်သည့်နေရာများအထိ အကူအညီများ ဆက်လက်ပေးနိုင်ရန်ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထုတ်ပြန်သည်။

Most Read

Most Recent