မြဝတီမြို့ ထိုင်း - မြန်မာ အမှတ်(၂)ချစ်ကြည်တံတားဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေ

မြဝတီမြို့ ထိုင်း - မြန်မာ အမှတ်(၂)ချစ်ကြည်တံတားဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေ
Photo Credit - CJ
Photo Credit - CJ
Published 20 April 2024

ကရင်ပြည်နယ် မြဝတီမြို့၊ ထိုင်း - မြန်မာ အမှတ် (၂) ချစ်ကြည်ရေးတံတားဝန်းကျင်တွင် ယနေ့(ဧပြီ ၂၀ ရက်) နံနက်ပိုင်းအချိန်တွင်လည်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။

ဧပြီ ၁၉ ရက် ည ၆ နာရီ ၃၉ မိနစ်အချိန်ခန့်က အဆိုပါ ထိုင်း-မြန်မာ အမှတ်(၂)ချစ်ကြည်ရေးတံတားအနီးရှိ ကုန်တင်ကားဝင်းအတွင်း တပ်စွဲထားသည့် လုံခြုံရေးတပ်ဖွဲ့အား KNU/KNLA/PDF ပူးပေါင်းအဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှ စတင်ကာတိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်ကအထိ တိုက်ပွဲများပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“အမှတ်(၂)တံတားအနီးက ကုန်ကားဝင်းထဲမှာ တပ်စွဲထားတဲ့ စစ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်တာတွေလုပ်ခဲ့တယ်။ စစ်တပ်ဘက်ကလည်း မနေ့ညပိုင်းကရော ဒီနေ့ (ဧပြီ ၂၀ ရက်) မနက်ပိုင်းမှာ လေကြောင်းကနေ တောက်လျှောက်ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်နေတယ်။ လက်ရှိ (ဧပြီ ၂၀ ရက်) မနက် ၁၀ နာရီအချိန်အထိက တိုက်ပွဲတွေပြင်းထန်နေတုန်းဘဲဟု မြဝတီဒေသခံတစ်ဦးက ပြောကြားသည်။

လက်ရှိ ထိုင်း - မြန်မာချစ်ကြည်ရေးတံတားအမှတ်(၂)အား ပိတ်ထားပြီး ယင်းတံတားအနီးတွင်နေထိုင်ကြသည့် ဒေသခံပြည်သူများလည်း ယမန်နေ့ညပိုင်းကတည်းက စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေကြရကြောင်း ဒေသခံများက ဆိုကြသည်။

ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၂) အနီးဝန်းကျင်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းမှလည်း တိုက်ပွဲအခြေအနေအား CCTV များဖြင့် တောက်လျှောက်စောင့် ကြည့်နေသည့်အပြင် စစ်ရေးအသင့်ပြင်ဆင်ထားကြောင်း ထိုင်းဘက်မှလာသည့် သတင်းများအရ သိရသည်။

“ထိုင်းဘက်ကမ်းမှာ ထိုင်းနယ်ခြားစောင့်တပ်တွေရော၊ စစ်တပ်ကပါ လက်နက်တွေနဲ့ အသင့်အနေအထားနဲ့ စောင့်ကြည့်နေတယ်။ တိုက်ပွဲဖြစ်နေတာကလည်း နယ်စပ်အနီးမှာဆိုတော့ ထိုင်းဘက်ခြမ်းကို လက်နက်ကြီးတွေကျရောက်ပေါက်ကွဲတာမျိုးတွေလည်း ရှိနေတယ်”ဟု မြဝတီတစ်ဖက်ကမ်း မဲဆောက်မြို့နေ မြန်မာနိုင်ငံသားတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ထိုင်း - မြန်မာချစ်ကြည်ရေးတံတားအမှတ်(၂)အနီးဝန်းကျင်တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသော်လည်း ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်(၁)အား ပုံမှန်အတိုင်းဖွင့်လှစ်ထားကြောင်းနှင့် မြဝတီမြို့ခံများအနေဖြင့်လည်း တိုက်ပွဲအခြေအနေအား စောင့်ကြည့်နေလျက်ရှိပြီး မြို့နှင့်နီးကပ်လာပါက စစ်ဘေးတိမ်းရှောင်ရန် အသင့်ပြင်ဆင်ထားကြကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

 

Most Read

Most Recent