ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အကျဉ်းထောင်မှ  လုံခြုံစိတ်ချရသည့် နေရာသို့ ရွှေ့ပြောင်းထားကြောင်း သတင်းထွက်ပေါ်

ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အကျဉ်းထောင်မှ  လုံခြုံစိတ်ချရသည့် နေရာသို့ ရွှေ့ပြောင်းထားကြောင်း သတင်းထွက်ပေါ်
Published 16 April 2024

#Breaking_News (7:00) PM

သမ္မတဟောင်းဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည်တို့ကို အကျဉ်းထောင်မှ လုံခြုံစိတ်ချရသည့် နေရာသို့ရွှေ့ပြောင်းထား ကြောင်း သတင်း ထွက်ပေါ်မှုအရ သိရသည်။

ဦးဝင်းမြင့်သည် တောင်ငူထောင်တွင်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် အချုပ်ထောင်တွင် လည်းကောင်း အကျဉ်းကျခံနေရခြင်းဖြစ်သည်။

လတ်တလောတွင် ဖြစ်ပေါ်လျက်ရှိသည် ရာသီဥတုအပူရှိန်ပြင်းထန်မှုကြောင့် ၎င်းတို့နှစ်ဦးကို ကျန်းမာရေးအရ လုံခြုံစိတ်ချရသည့် နေရာတွင် ရွှေ့ပြောင်းထားကြောင်း Eleven Media Group က စုံစမ်းမှုများ အရသိရသည်။

ထိုသို့ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို နေရာရွှေ့ပြောင်းမှုနှင့် ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခြင်းမရှိသေးဘဲ သတင်းထုတ်ပြန်လာပါက ထပ်မံ ဖော်ပြပေးမည် ဖြစ်ပါသည်။

ယခုလဆန်းပိုင်းကလည်း မန္တလေးအိုးဘိုထောင်တွင် ထောင်ဒဏ်ကျခံနေရသည့် NLD ပါတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်သည်လည်း အပူဒဏ်ကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူခဲ့ရသည်။

ဦးဝင်းမြင့်အပေါ် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)၊ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၅) တို့ဖြင့် တရားစွဲဆို၍ ထောင် ဒဏ်ချမှတ်ထားသော အမှုများအတွက် ပြင် ဆင်မှုလျှောက်ထားခြင်းများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လက်ခံထားကြောင်း သိရသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ (၆၇)၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ (၈)၊ သဘာဝ​​ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဥပဒေ ပုဒ်မ (၂၅) ဖြင့် တရားစွဲဆိုသည့် အမှုနှစ်မှု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေများဖြင့် တရားစွဲဆိုသည့်အမှုငါးမှုနှင့် ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) တို့အတွက် ​​ထောင်ဒဏ်ချမှတ်ထားသော အမှုများနှင့်ပတ်သက်၍ ပြင်ဆင်မှုလျှောက်ထားခဲ့မှုများကိုလည်း ပြည်ထောင်စုတရားလွှတ်တော် ချုပ်က လက်ခံထား​ကြောင်း သိရသည်။

အထက်ပါအမှုများတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နှင့် ဖေဖော်ဝါရီ ၁၃ ရက်တွင် NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ က ထုတ်ပြန်ခဲ့သည့် ကြေညာချက်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် တပေါင်းတည်း တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခံထားရသည့် အမှုများ၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၀ ရက်က နေပြည်တော်ကောင်စီနယ်မြေအတွင်း NLD ပါတီ၏ခရိုင်ပါတီဥက္ကဋ္ဌ ဦးမင်းသူ ဦးဆောင်၍ Car Campaign ပြုလုပ်ခဲ့ရာတွင် ဇမ္ဗူသီရိမြို့နယ်ရှိ အတိုင်ပင်ခံပုဂ္ဂိုလ် အိမ်ရာအနီးဖြတ်သန်းလှည့်လည်စဉ် COVID-19 ရောဂါ ဖြစ်ပွားမှုအပေါ်မူတည်၍ ထုတ်ပြန်ထားသောအမိန့်များအား လိုက်နာ ခြင်းမရှိဘဲ ကြိုဆိုနှုတ်ဆက်မှုများ ပြုလုပ်ခဲ့မှု စွဲချက်ဖြင့် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၂၅)ဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ် နှစ်နှစ် စီချမှတ်ခံထား ရသည့်အမှုသည်လည်း  ပြင်ဆင်မှုတက်ထားသည့်အမှုများတွင် ပါဝင်ကြောင်း သိရသည်။

ထို့အတူ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အား မလျော်သြဇာလွှမ်းမိုးခြင်းစွဲချက်ဖြင့် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲဆိုခဲ့ပြီး အလုပ်နှင့် ထောင်ဒဏ်သုံးနှစ်စီ ကျခံစေရန် အမိန့်ချမှတ်ထားသည့်အမှုကို သည်လည်း ပြင်ဆင်မှုတက်ထားသည့် အမှုများတွင် ပါဝင်ကြောင်း သိရသည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ)/၉(အားပေးကူ ညီမှု)ဖြင့် တရားစွဲဆို၍ ထောင်ဒဏ် သုံးနှစ် ချမှတ်ထားသောအမှု၊ ရွှေနှင့်ဒေါ်လာများ ပေးခဲ့ရသည်ဆိုသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်​​ဟောင်း ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်အရ အဂတိဖြင့်တရားစွဲဆိုခဲ့၍ ထောင်ဒဏ်ငါးနှစ်ချမှတ်ထားသောအမှု၊ နေပြည်တော် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်သည့် စီမံကိန်းများအတွက် မြေကွက်များလျှောက်ထားရယူမှုများနှင့်ပတ်သက်၍ အဂတိဖြင့်တရားစွဲဆို၍ တစ်ပေါင်းတည်း ထောင်ဒဏ်သုံးနှစ်ချမှတ်ထားသော အမှု၊ ရန်ကုန်မြို့တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ် ​​မြေနေရာရယူမှုအပေါ်အဂတိဖြင့် တရားစွဲဆို၍ ထောင်ဒဏ်သုံးနှစ်ချမှတ်ထားသောအမှုများနှင့် လက်တလောတွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် ရာသီဥတုအခြေအနေသည် အယ်လ်နီညို ကျရောက်နေသည့်နှစ်ဖြစ်ခြင်းကြောင့် ပူပြင်းသည့်အတွက် ကျန်းမာရေးအရ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အကျဉ်းထောင်မှ အခြားနေရာသို့ ပြောင်းရွှေ့ထားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိတွင် သမ္မတဟောင်း ဦးဝင်းမြင့်သည် တရားစွဲဆိုခံထားရသည့် အမှုပေါင်း ၈ မှုဖြင့် ထောင်ဒဏ် ၁၄ နှစ်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် အမှုပေါင်း ၁၉ မှုဖြင့် ထောင်ဒဏ် ၃၂ နှစ် ချမှတ်ခံထားရပြီး ၎င်းင်တို့နှစ်ဦး ချမှတ်ခံထားရသည့် ပြစ်ဒဏ်များမှ ထောင်ဒဏ် နှစ်နှစ်စီအား ၂၀၂၁ ဒီဇင်ဘာ ၆ ရက်တွင် ပြစ်ဒဏ်မှ လျော့ချ​ပေးခဲ့သလို ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၆ နှစ်နှင့် ဦးဝင်းမြင့်အား ထောင်ဒဏ် လေးနှစ် ထပ်မံ၍ လွတ်ငြိမ်းသက်သာခွင့်ပြုထားကြောင်း သိရသည်။

Most Read

Most Recent