ယူကရိန်းအရေးတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှပါဝင်ရန် ပြင်သစ်၊ ဆားဘီးယားနှင့် ဟန်ဂေရီသို့ သမ္မတရှီကျင်းပင် သွားရောက်မည်

ယူကရိန်းအရေးတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှပါဝင်ရန် ပြင်သစ်၊ ဆားဘီးယားနှင့် ဟန်ဂေရီသို့ သမ္မတရှီကျင်းပင် သွားရောက်မည်
ဧပြီ ၂၆ ရက်က ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်အား လက်ခံတွေ့ဆုံနေသည့် သမ္မတရှီကျင်းပင်ကို တွေ့ရစဉ်(Photo: AP)
ဧပြီ ၂၆ ရက်က ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်အား လက်ခံတွေ့ဆုံနေသည့် သမ္မတရှီကျင်းပင်ကို တွေ့ရစဉ်(Photo: AP)
Published 30 April 2024

ရုရှား-ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ပိုမိုကြီးမားသည့် အခန်းကဏ္ဍတွင်ပါဝင်ရန် တရုတ်က ကြိုးပမ်းလာဖွယ်ရှိစဉ် တရုတ်သမ္မတရှီကျင်းပင်သည် လာမည့်သီတင်းပတ်တွင် ပြင်သစ်၊ ဆားဘီးယားနှင့် ဟန်ဂေရီနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ရုရှား-ယူကရိန်းစစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးနှင့် စီးပွားရေးအရလုံခြုံမှုတို့အပေါ် ထိခိုက်စေခဲ့သည်။

တရုတ်နိုင်ငံ၏သမ္မတဖြစ်ကာ အာဏာရ ကွန်မြူနစ်ပါတီ အကြီးအကဲလည်းဖြစ်သည့် ရှီကျင်းပင်သည် ငါးနှစ်အတွင်းဥရောပသို့ ပထမဆုံးအကြိမ်သွားရောက်မည်ဖြစ်ကာ ကမ္ဘာကြီး၏ငြိမ်းချမ်းရေးဆိုင်ရာ ဖြစ်ပေါ်တိုး တက်မှုများကို အရှိန်အဟုန် ထပ်မံမြှင့်တင်ပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ လင်ကျန်းက ဧပြီ ၂၉ ရက် နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲတွင် တရုတ်ကကြားနေနိုင်ငံအဖြစ်ရပ်တည်ကြောင်း အခိုင်အမာဆိုထားသော်လည်း ရှီနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထဲတွင် ရုရှားက ယူကရိန်းကို စတင်မတိုက် ခိုက်မီတွင် အစိုးရနှစ်ရပ်အကြား အကန့်အသတ်မဲ့ မိတ်ဖက်ဆက်ဆံရေး ထူထောင်ကြောင်း ကြေညာခဲ့သည်။

တရုတ်က ရုရှား၏ကျူးကျော်မှုကို ရှုတ်ချရန် ငြင်းဆန်ထားသည်။ ယူကရိန်းအားတိုက်ခိုက်ရာတွင် အသုံးပြုနေသည့် စစ်လက်နက်များကို အဆက်မပြတ်ထုတ်လုပ်နိုင်စေရန် တရုတ်က ရုရှားအား ဘဏ္ဍာရေးနှင့် နည်းပညာပိုင်းအရ အထောက်အပံ့ပေးနေသည်ဟုလည်း စွပ်စွဲခံထားရသည်။

သမ္မတရှီ၏ခရီးစဉ်ကို ဧပြီ ၅ ရက်တွင် စတင်ကာ ဧပြီ ၁၀ ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်ကိုဖော်ပြခဲ့ခြင်းမရှိပေ။

အမေရိကန်အစိုးရ၏ အဓိက နိုင်ငံခြားရေးမူဝါဒ မျှော်မှန်းချက်များအပေါ်ထောက်ခံမှုကျဆင်းသွားသည့် အရိပ်အယောင်များရှိလာသည့်အတွက် ယင်းခရီးစဉ်များကို အမေရိကန်က အနီးကပ်စောင့်ကြည့်သွားမည် ဖြစ်သည်။

ယမန်နှစ်က တရုတ်သို့လာရောက်သည့် ခရီးစဉ်အတွင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြင်သစ်သည် မိမိတို့၏ အကျိုးစီးပွားနှင့် ဆက်နွှယ်မှုမရှိသည့် အကျပ်အတည်းများတွင်ပါဝင်ရာ၌ အမေရိကန်နောက်သို့ မျက်စိစုံမှိတ်၍ လိုက်မည်မဟုတ်ဟု ပြောဆိုခဲ့ခြင်းကြောင့် အမေရိကန်အတွက် စိုးရိမ် စရာဖြစ်ခဲ့သည်။ မက်ခရွန်က ထိုင်ဝမ်အရေးကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်ပုံရသည်။

တရုတ်သည် ၂၀၂၂ ခုနှစ်က လေယာဉ်ပစ်ဒုံးလက်နက်စနစ် လွှဲပြောင်းပေးမှုအပါအဝင် ဆားဘီးယားနှင့် ဆက်ဆံရေးအခိုင်အမာ တည်ဆောက်ထားသည်။

ဧပြီ ၂၆ ရက်က ပေကျင်းမြို့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် တွေ့ဆုံခဲ့ပြီးနောက်တွင် ယခုခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

အမေရိကန်နှင့် တရုတ်တို့သည် မတူကွဲပြားမှုများကို တာဝန်သိသိကိုင်တွယ်စီမံရမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံများဖြစ်သည့် အမေရိကန်နှင့် တရုတ်တို့သည် ပြိုင်ဘက်မဟုတ်ဘဲ မိတ်ဖက်များသာဖြစ်သင့်ကြောင်း သမ္မတရှီကျင်းပင် ဘလင်ကင်ကို ပြောကြားခဲ့သည်။

ဧပြီ ၂၆ ရက်က ကာဇက်စတန်နိုင်ငံ၏ မြို့တော်အက်စတာနာတွင် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်ဂူနှင့် တရုတ်ကာကွယ်ရေးဝန်ကြီး တုံကျွင်းတို့ တွေ့ဆုံဆွေးနွေးခဲ့သည်။                    

Ref: AP

Most Read

Most Recent