မီးတောင်ပေါက်ကွဲမှုအန္တရာယ် အဆုံးမသတ်သေးကြောင်း အင်ဒိုနီးရှား မီးတောင်ပညာရှင်တစ်ဦး ပြောကြား

မီးတောင်ပေါက်ကွဲမှုအန္တရာယ် အဆုံးမသတ်သေးကြောင်း အင်ဒိုနီးရှား မီးတောင်ပညာရှင်တစ်ဦး ပြောကြား
ရူအန်မီးတောင်ပေါက်ကွဲမှုကို တာဂူလန်ဒန်ကျွန်းပေါ်မှ ကြည့်ရှုနေသူများကို ဧပြီ ၁၉ ရက်က တွေ့ရစဉ်
ရူအန်မီးတောင်ပေါက်ကွဲမှုကို တာဂူလန်ဒန်ကျွန်းပေါ်မှ ကြည့်ရှုနေသူများကို ဧပြီ ၁၉ ရက်က တွေ့ရစဉ်
Published 21 April 2024

အင်ဒိုနီးရှားတွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ခြောက်ကြိမ်ကျော် ပေါက်ကွဲခဲ့သည့် မီးတောင်၏ ခြိမ်းခြောက်မှုအန္တရာယ်သည် အဆုံးမသတ်သေးကြောင်း ၀ါရင့်မီးတောင်ပညာရှင်တစ်ဦးက အေအက်ဖ်ပီသ တင်းဌာနကို ပြောကြားခဲ့သည်။

အင်ဒိုနီးရှား၏ မြောက်ဆူလာဝေစီပြည်နယ်တွင်တည်ရှိသည့် ရူအန်မီးတောင်သည် ဧပြီ ၂၀ ရက်က မီးတောင်ထိပ်ဝမှ နောက်ထပ်ပြာမှုန်များ မှုတ်ထုတ်ခဲ့ချိန်တွင် အဆိုပါ မီးတောင်ပညာရှင်၏ ပြောကြားချက်ထွက် ပေါ်ခဲ့ခြင်းဖြစ်သည်။

ရူအန်မီးတောင်သည် ဧပြီ ၁၆ ရက် နှောင်းပိုင်းက စတင်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အာဏာပိုင်များက မီးတောင်နှင့် အနီးတစ်ဝိုက်ရှိ ကျွန်းများတွင်နေထိုင်သည့် ထောင်နှင့်ချီသည့် ဒေသခံများကို ဘေးလွတ်ရာရွှေ့ ပြောင်းပေးခဲ့ကာ မီးတောင်နှင့်အနီးဆုံးတွင် တည်ရှိသည့် နိုင်ငံတကာလေဆိပ်တစ်ခုကို ပိတ်ထားခဲ့ရသည်။

ထိုမီးတောင်သည် ဧပြီ ၁၉ ရက် ညသန်းခေါင်အချိန်နှင့် ဧပြီ ၂၀ ရက်မွန်းလွဲပိုင်းများတွင် ထပ်မံပေါက်ကွဲခဲ့ပြီး မီးတောင်ထိပ်ဝမှ အပေါ်ဘက် ၂၅၀ မီတာ အမြင့်အထိပြာများ ပန်းထွက်ခဲ့ကာ မီးတောင်လှုပ်ရှားမှုများ၏ နောက်ဆုံးဖြစ်စဉ်တစ်ခုဖြစ်ခဲ့သည်ဟု မီးတောင်လေ့လာရေးအေဂျင်စီက ပြောကြားခဲ့သည်။

ထိုအခြေအနေများကြောင့် အကြီးစား မီးတောင်ပေါက်ကွဲမှုများ ဖြစ်လာနိုင်သည်ဟု မီးတောင်လေ့လာရေးအေဂျင်စီက သတိပေးခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းက မီးတောင်ပေါက်ကွဲမှုများကြောင့် ချော်ရည်များ၊ ပြာမှုန်များနှင့် လျှပ်စီးများကို မြင်တွေ့ခဲ့ရပြီး  ချော်ရည်ပူများသည် အနီးနားရှိ ကျေးရွာများ အပေါ်သို့ ကျဆင်းခဲ့သည်။

“မီးတောင်ကြောင့် လှုပ်ခတ်တဲ့ ငလျင်တွေကို မှတ်တမ်းတင်နိုင်ခဲ့တာနဲ့အမျှ ဒီအကျပ်အတည်းဟာ မပြီးသေးပါဘူး”ဟု မီး တောင်လေ့လာရေးအေဂျင်စီ အကြီးအကဲ ဟန်ဒရာ ဂူနာဝမ်က ပြောကြားခဲ့သည်။

“ကျောက်ရည်ပူတွေဟာ မျက်နှာပြင် အောက်ဘက် နက်ရှိုင်းတဲ့နေရာမှာ လှုပ်ရှားနေပြီး နောက်တစ်ကြိမ်ပေါက်ကွဲမှု ဖြစ်နိုင်ပါသေးတယ်”ဟု ၎င်းက ဆိုသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ၇၂၅ မီတာတွင် တည်ရှိသည့် အဆိုပါ မီးတောင်သည် အဆင့်လေးဆင့်ရှိသည့် သတိပေးချက် ထုတ်ပြန်မှုစနစ်တွင် အမြင့်ဆုံးနေရာတွင် သတ်မှတ်ထားသည့် အင်ဒိုနီးရှား၏ မီးတောင်အလုံး ၁၀၀ ကျော်အနက် တစ်ခုအပါ အဝင်ဖြစ်သည်။

အာဏာပိုင်များက ထိုမီးတောင်နှင့်အနီးပတ်ဝန်းကျင် ခြောက်ကီလိုမီတာကို သီးသန့် ဖယ်ကြဉ်ထားသည့် နယ်မြေအဖြစ် သတ်မှတ်ထားသည်။

မီးတောင်အနီးရှိ တာဂူလန်ဒန်ကျွန်းပေါ်တွင် နေထိုင်သူ ၂၀၀၀၀ အနက် ၆၀၀၀ ကို အဆိုပါ နယ်မြေအတွင်းမှ နေရာ ပြောင်းရွှေ့ပေးခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မီးတောင်ပေါ်မှ ကျောက်တုံး၊ ကျောက်ခဲများ၊ပြာများနှင့် ချော်ရည်များ ကျဆင်းလာကြောင်း မီးတောင်လေ့လာရေးအေဂျင်စီက သတိပေးခဲ့သဖြင့် နောက်ထပ် လူ ၁၁၀၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးရန် လိုအပ်ကြောင်း အာဏာပိုင်များက ခန့်မှန်းခဲ့သည်။

ဒေသခံများကိုလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများမဖြစ်စေရန် နှာခေါင်းစည်းများ ဝတ်ဆင်ကြရန် တိုက်တွန်းထားကြောင်း မီးတောင်လေ့လာရေးအေဂျင်စီက ပြောကြားခဲ့သည်။

မီးတောင်၏ လှုပ်ရှားမှုများကြောင့် ကီလိုမီတာ ၁၀၀ ကျော် အကွာအဝေးတွင် တည်ရှိသည့် မြောက်ဆူလာဝေစီပြည်နယ်၏ မြို့တော် မာနာဒိုတွင် ဆမ်ရာတူလန်ဂီနိုင်ငံ တကာလေဆိပ်ကို ပိတ်ထားသည့်ရက်အား သက်တမ်းတိုးခဲ့ကြောင်း အာဏာပိုင်များက  ပြောကြားခဲ့သည်။

                             Ref:AFP

Most Read

Most Recent