မြောက်ကိုရီးယားနိုင်ငံသည် ယခုနှစ်အတွင်း အလွန်ဆိုးရွား ပြင်းထန်သော မိုးခေါင်ရေရှားမှုဒဏ်ကို ရင်ဆိုင်နေရသောကြောင့် သီးနှံများကို ကာကွယ်ရန် လုပ်ဆောင်နေကြောင်း နိုင်ငံပိုင်မီဒီယာကဧပြီ ၃၀ ရက်တွင် ဖော်ပြခဲ့သည်။
သံတမန်ရေးအရ အထီးကျန်နေသော မြောက်ကိုရီးယားနိုင်ငံသည် အခြေခံအဆောက်အအုံနှင့် စီးပွားရေး အားနည်းမှုများကြောင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက အခြားနိုင်ငံများထက် ပိုမိုပြင်းထန်သော သက်ရောက်မှုများကို ခံစားရလေ့ရှိသည်။
မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အဲလိဇဘက်ဆယ်လ်မွန်က အစားအစာပြတ်လပ်မှုသည် အဓိကစိုးရိမ်ရသည့် အချက်ဖြစ်နေပြီဖြစ်ကြောင်း ဖေဖော်ဝါရီလအတွင်းက ပြောကြားခဲ့သည်။
“ထူးခြားတဲ့ မိုးခေါင်မှုဟာ မကြာသေးမီက နိုင်ငံအနှံ့အပြားမှာ ဆက်တိုက်ဖြစ်ပေါ်နေပြီး ဒါဟာ အရင်နှစ်တွေမှာ တွေ့ရခဲတဲ့ ဖြစ်စဉ်မျိုးဖြစ်ပါတယ်” ဟု မြောက်ကိုရီးယားနိုင်ငံပိုင် ကိုရီးယားဗဟိုသတင်းအေဂျင်စီ KCNA က ဖော်ပြခဲ့သည်။
အစောပိုင်းရာသီ သီးနှံများကို မိုးခေါင်မှုဒဏ်မှ ကာကွယ်ရန် ဒေသအသီးသီးရှိ အလုပ်သမားများသည် အစွမ်းကုန် စုစည်းကြိုးပမ်းနေကြသည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။
အခြားသီးခြားအစီရင်ခံစာတစ်ခုတွင်မူ ဝန်ကြီးချုပ် ပတ်ထယ်ဆောင်သည် မိုးခေါင်မှုကြောင့် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်စေမည့် တုံ့ပြန်ဆောင်ရွက်ရေးအစီအမံများကို ဆွေးနွေးရန်အတွက် ပြုံယမ်းတောင်ပိုင်းနှင့် ဟွမ်ဟေးမြောက်ပိုင်းပြည်နယ်များရှိ စိုက်ပျိုးရေးခြံများသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။
ရရှိနိုင်သမျှ ရေအရင်းအမြစ်အားလုံးကို အပြည့်အဝရှာဖွေဖော်ထုတ်ပြီး ထိရောက်စွာ အသုံးပြုရန် ၎င်းက တိုက်တွန်းခဲ့ပြီး ယခုနှစ်၏ ပြင်းထန်သော မိုးခေါင်မှုကို ကျော်လွှားနိုင်ခြင်းရှိမရှိအပေါ် မူတည်၍ ကောင်းမွန်သော ရိတ်သိမ်းမှုရလဒ် ထွက်ပေါ်လာမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားခဲ့သည်ဟု KCNA က ဖော်ပြထားသည်။
အာရှ၏ စတုတ္ထမြောက် အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သော တောင်ကိုရီးယားနိုင်ငံသည်လည်း ပြီးခဲ့သည့်နှစ်က အရှေ့ဘက်ကမ်းရိုးတန်းမြို့ဖြစ်သော ဂန်နွန်းတွင် ကာလရှည်ကြာ မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားခဲ့ရသည်။
ထိုသို့ မိုးခေါင်မှုကြောင့် အာဏာပိုင်များသည် မြို့တစ်ဝန်းရှိ အိမ်ထောင်စု ရေမီတာ ၇၅ ရာခိုင်နှုန်းကို ပိတ်ပစ်ခြင်း အပါအဝင် ရေသုံးစွဲမှု ကန့်သတ်ချက်များကို ချမှတ်ခဲ့ရသည်။
မြောက်ကိုရီးယားနိုင်ငံရှိ မြို့နယ်နှင့် ခရိုင်များတွင် ဆည်မြောင်းတံခါးများနှင့် ရေပေးဝေရေး လမ်းကြောင်းများကို ပြုပြင်ခြင်းများ လုပ်ဆောင်နေကြောင်း KCNA ကပြောကြားခဲ့သည်။
ထို့ပြင် အလုပ်သမားများသည် ဂျုံနှင့် မုယောစပါးတို့၏ မိုးခေါင်မှုဒဏ်ခံနိုင်ရည်ကို မြှင့်တင်ရန် နည်းပညာပိုင်းဆိုင်ရာ အစီအမံများကို လုပ်ဆောင်နေပြီး အစောပိုင်းရာသီ သီးနှံများ တည်ငြိမ်စွာ ကြီးထွားလာစေရန် ကြိုးပမ်းနေကြသည်ဟုလည်း ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် တောင်ကိုရီးယားနိုင်ငံသည် စံချိန်တင် အပူဆုံးနွေရာသီကို ကြုံတွေ့ခဲ့ရပြီး မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား နှစ်နိုင်ငံလုံးတွင် အပူဆုံး ဇွန်လကိုလည်း ကြုံတွေ့ခဲ့ရသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် အပူလှိုင်း ဖြတ်ခြင်းမှာုမကြာခဏဖြစ်ပေါ်လာပြီး ပိုမိုပြင်းထန်လာကာ ယခုနှစ်တွင် အယ်လ်နီညို အစွန်းရောက်ရာသီဥတု ဖြစ်စဉ်လည်း ပြန်လည်ဖြစ်ပေါ်လာနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်သည် အာရှတိုက်၏ ဒေသအသီးသီးတွင် အပူရှိန်ပြင်းထန်ခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။
Ref:AFP















