ပေါင်မြို့နယ်တွင် ရထားနှင့် ကားတိုက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ သုံးဦး ပြင်းထန်ဒဏ်ရာရရှိ

ပေါင်မြို့နယ်တွင် ရထားနှင့် ကားတိုက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ သုံးဦး ပြင်းထန်ဒဏ်ရာရရှိ
Published 15 April 2024

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဧပြီ ၁၄ ရက် (မဟာသင်္ကြန်အကျနေ့ ) ညနေပိုင်းက ရထားနှင့်ကားတိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ သုံးဦး အပြင်းအထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ဧပြီ ၁၄ ရက် ညနေသုံးနာရီခွဲတွင် ပေါင်မြို့နယ် ကျွဲခြံကျေးရွာ ရွာသစ်ပိုင်း ရန်ကုန်- မော်လမြိုင် ရထားလမ်းနှင့် ကျွဲခြံ - ကော့ကရင်သွားလမ်းဆုံတွင် Mitsubishi Minicab အမျိုးအစားယာဉ်မှာ ရထားလမ်းအားဖြတ်ကူးစဉ် အမှတ် (၈၁)အစုန် ရန်ကုန် - မော်လမြိုင် လူစီးရထားနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကားက ရထားနဲ့ တိုက်မိပြီးတော့ ပေ - ၅၀၀ ကျော်လောက် ပါသွားတာ။ ကားပေါ်မှာ ယာဉ်မောင်းအမျိုးသားတစ်ဦး နဲ့ အမျိုးသမီးသုံးဦးလိုက်ပါလာတယ်။ အမျိုးသမီးတစ်ယောက်တော့ ပွဲချင်းပြီးသေဆုံးသွားတယ်။ ကျန်သုံးယောက်ကတော့ ပြင်းထန်ဒဏ်ရာတွေ ရသွားတယ်" ဟု ဒေသခံတစ်ဦးကပြောကြားသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ပေါင်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်ကလည်း မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာနှင့် သဘက်ဆွဲကျေးရွာကြားရှိ ရန်ကုန် - မော်လမြိုင်ရထားလမ်းတွင် အမျိုးသမီးတစ်ဦး ရထားကြိတ်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Most Read

Most Recent