ယခုတစ်ပတ် ကျင်းပခဲ့သည့် ထိုင်းလိဂ်ပြိုင်ပွဲများတွင် မြန်မာကစားသမားများထဲမှ တိုက်စစ်မှူး အောင်သူနှင့် အောင်ကောင်းမာန်တို့ ဂိုးများသွင်းယူ

ယခုတစ်ပတ် ကျင်းပခဲ့သည့် ထိုင်းလိဂ်ပြိုင်ပွဲများတွင် မြန်မာကစားသမားများထဲမှ တိုက်စစ်မှူး အောင်သူနှင့် အောင်ကောင်းမာန်တို့ ဂိုးများသွင်းယူ
Photo: uthai thani fc
Photo: uthai thani fc
Published 29 April 2024

မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးများဖြစ်သည့် အောင်သူနှင့် အောင်ကောင်းမာန်တို့သည် ယခုတစ်ပတ်ကျင်းပခဲ့သည့် ထိုင်းလိဂ်ပြိုင်ပွဲများတွင် ဂိုးများအသီးသီးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

ယခုရာသီ ထိုင်းလိဂ်-၁ ပြိုင်ပွဲ၊ ပွဲစဉ် ၂၆ ကို ဧပြီ ၂၇၊ ၂၈ ရက်များက ကျင်းပပြုလုပ်ခဲ့ပြီး တိုက်စစ်မှူးအောင်သူ၏ အူထိုင်းထာနီအသင်းမှာ ဆူခိုထိုင်းအသင်းကို အဝေးကွင်းတွင် (၃-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းပွဲတွင် တိုက်စစ်မှူးအောင်သူမှာ အူထိုင်းထာနီအသင်း၌ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ပွဲကစားချိန်(၃၃) မိနစ်တွင် ညာခြမ်းမှ အသင်းဖော်၏ ချိုးပေးမှုကို ဂိုးဧရိယာထဲမှနေ၍ အနီးကပ်ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။

ယင်းဂိုးမှာ တိုက်စစ်မှူးအောင်သူ၏ အူထိုင်းထာနီအသင်းအတွက် သုံးဂိုးမြောက်သွင်းယူနိုင်ခဲ့သည့်ဂိုးဖြစ်ကြောင်း သိရသည်။

တောင်ပံတိုက်စစ်မှူး မောင်မောင်လွင်၏ လမ်ဖွန်အသင်းမှာ အိမ်ကွင်းတွင် ခွန်ကန်ယူနိုက်တက်အသင်းကို(၂-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ယင်းပွဲတွင် မောင်မောင်လွင်မှာ လမ်ဖွန်အသင်း၌ ပွဲချိန်ပြည့်ကစားခွင့်ရခဲ့သော်လည်း ဂိုးသွင်းယူပေးနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ယခုရာသီ ထိုင်းလိဂ်-၂ ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်ဖြစ်သည့် ပွဲစဉ်(၃၄) ကို ဧပြီ ၂၇ ရက်က အသင်းများအားလုံး တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ယှဉ်ပြိုင်ကစားခဲ့ကြသည်။

တိုက်စစ်မှူးအောင်ကောင်းမာန်၏ နာခွန်ရတ်ချာစီမာအသင်းသည် ယခုပွဲစဉ်မတိုင်မီကတည်းက အမှတ်ပေးချန်ပီယံဆု ရရှိထားခဲ့ပြီဖြစ်သည်။

သို့သော် ယခုနောက်ဆုံးပွဲစဉ်တွင် နာခွန်ရတ်ချာစီမာအသင်းသည် အဝေးကွင်း၌ ချန်သာဘူရီအသင်းနှင့်(၁-၁) ဂိုးဖြင့် သရေကျခဲ့ပြီး တိုက်စစ်မှူးအောင်ကောင်းမာန်မှာ ပွဲကစားချိန်(၈၅) မိနစ်တွင် အသင်းအတွက်  အဖိုးတန်ချေပဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့သည်။

ယင်းဂိုးမှာ တိုက်စစ်မှူးအောင်ကောင်းမာန်၏ နာခွန်ရတ်ချာစီမာအသင်းအတွက်  သုံးဂိုးမြောက်သွင်းယူနိုင်ခဲ့သည့်ဂိုးဖြစ်ကြောင်း သိရသည်။

နာခွန်ရတ်ချာစီမာအသင်းသည် ယခုရာသီ ထိုင်းလိဂ်-၂ ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သောကြောင့် လာမည့်ရာသီတွင် ထိုင်းလိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်ခွင့်ရရှိခဲ့ပြီဖြစ်သည်။

နာခွန်ရတ်ချာစီမာအသင်းနှင့် အောင်ကောင်းမာန်၏ စာချုပ်ပါအချက်အရ အသင်းတန်းတက်ခဲ့ပါက ကစားသမားဖြစ်သူကို မဖြစ်မနေသက်တမ်းတိုးရမည့်အချက်ပါဝင်ကြောင်း သိရသည်။

ထိုင်းလိဂ်-၂ ပြိုင်ပွဲအပြီးတွင် လွင်မိုးအောင်၏ ရရောင်းအသင်းမှာ အဆင့်(၃)၊ ဆွမ်လမန်၏ ပတ္တရားယူနိုက်တက်အသင်းမှာ အဆင့်(၇)၊  သန်းပိုင်၏ ချင်းမိုင်ယူနိုက်တက်အသင်းမှာ အဆင့်(၉)၊ စည်သူအောင်၏ ဆာမတ်ပရာကန်အသင်းမှာ အဆင့်(၁၅)၊  အီစိုး၏ ကာဆက်ဆက်အသင်းမှာ အဆင့်(၁၆) နေရာတို့တွင် ရပ်တည်ခဲ့ကြသည်။

လွင်မိုးအောင်၏ ရရောင်းအသင်းမှာ တန်းတက်ခွင့်အတွက် Play-off ကစားခွင့်ရရှိမည်ဖြစ်သည်။

 

Most Read

Most Recent