ဗင်နီစီယပ်စ်နှင့် ဘရာဟင်ဒီယက်ဇ်ကို နည်းပြ အန်ဆယ်လော့တီ ချီးကျူးခဲ့ပြီး နှစ်ဂိုးသွင်းနိုင်မှုအတွက် ဂုဏ်ယူမိကြောင်း ဗင်နီစီယပ်စ် ဖွင့်ဟ

ဗင်နီစီယပ်စ်နှင့် ဘရာဟင်ဒီယက်ဇ်ကို နည်းပြ အန်ဆယ်လော့တီ ချီးကျူးခဲ့ပြီး နှစ်ဂိုးသွင်းနိုင်မှုအတွက် ဂုဏ်ယူမိကြောင်း ဗင်နီစီယပ်စ် ဖွင့်ဟ
Photo : Getty Images
Photo : Getty Images
Published 18 March 2024

အိုဆာဆူနာအသင်းအား (၄-၂)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ခြေစွမ်းပြခဲ့သော ဗင်နီစီယပ်စ်ဂျူနီယာနှင့် ဘရာဟင်ဒီယက်ဇ်ကို ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက ပွဲအပြီးတွင် ချီးကျူးစကားဆိုခဲ့သည်။

ရီးယဲလ်အသင်းသည် ယင်းပွဲတွင် ဗင်နီစီယပ်စ်(၂ ဂိုး)၊ ကာဗာဟယ်လ်၊ ဘရာဟင်ဒီယက်ဇ်တို့၏ သွင်းဂိုးများနှင့် အနိုင်ရခဲ့ပြီး ဗယ်လ်ဗာဒီတစ်ဦးတည်းက သုံးဂိုး ဖန်တီးပေးခဲ့သည်။ ရီးယဲလ်အနေဖြင့် မက်ဒရစ်ဒါဘီပြိုင်ဘက် အက်သလက်တီကိုအသင်းကို (၁-၃)ဂိုးဖြင့် အရေးနိမ့်ပြီးကတည်းက လာလီဂါ(၂၃)ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားထားပြီး (၁၇)ပွဲနိုင်၊ (၆)ပွဲသရေကျခဲ့သည်။ နည်းပြ အန်ဆယ်လော့တီအနေဖြင့် ယခုနိုင်ပွဲသည် အသင်းနှင့်အတူ ပြိုင်ပွဲစုံနိုင်ပွဲ(၂၀၀) ပြည့်မြောက်ခဲ့သည်။ "ဒီလိုနိုင်ပွဲအားလုံးကို ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။ ဒီပွဲ အနိုင်ရလို့နဲ့ အသင်းက အရမ်းကောင်းအောင်ကစားနိုင်ခဲ့လို့ အလွန်ပဲ ပျော်ရွှင်ရပါတယ်။ အမှတ်ပေးဇယားမှာ ရမှတ်ထပ်ဖြတ်ထားနိုင်ဖို့ အလွန်အရေးပါတဲ့ သုံးမှတ်ပါပဲ။ သူ(ဗင်နီစီယပ်စ် ဂျူနီယာ)ဟာ အသင်းနဲ့ ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်လို့ အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားတစ်ယောက်ပါ။  ဒီနေ့မှာ သူ နှစ်ဂိုးသွင်းခဲ့ပြီး အရင်ပွဲတွေကလည်း တစ်ဂိုးစီသွင်းခဲ့တယ်။ သူ့အနေနဲ့ အခုထက်တောင် ဂိုးပိုသွင်းနိုင်ပါတယ်။ သူ့ရဲ့ရွေ့လျားမှုတွေက အသင်းအတွက် အကျိုးသက်ရောက်မှု ရှိခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဗင်နီဂျူနီယာအတွက် ဂုဏ်ယူဝမ်းသာမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ထူးခြားတဲ့ပွဲတစ်ပွဲကို ကစားနိုင်ခဲ့ပါတယ်။ ကစားပုံတိုင်း သူကောင်းစွာဖတ်နိုင်ခဲ့ပြီး ဘောလုံးမပါဘဲနဲ့လည်း ကောင်းကောင်း ရွေ့လျားနိုင်ခဲ့ပါတယ်။ ဒီနေရာမှာ သူက အတိုးတက်ဆုံးပါပဲ။ ဘောလုံးနဲ့အတူ သူက အမြဲတမ်း ထိရောက်မှုရှိပြီး ဘောလုံးမပါတဲ့ အခါသမယမှာလည်း လက်ဖျားခါလောက်သူပါ။ သူက အလွန်လျင်မြန်ပြီး ချိန်သားကိုက် ရွေ့လျားနိုင်ပါတယ်" ဟု အန်ဆယ်လော့တီက ပြောကြားခဲ့သည်။ ဘရာဟင်ဒီယက်ဇ်နှင့်ပတ်သက်ပြီး အန်ဆယ်လော့တီက "သူဟာ တိုက်စစ်ကစားသမားတစ်ဦးဖြစ်ပေမဲ့ နေရာစုံမှာ ကောင်းစွာ ကစားနိုင်သူပါ။ ဒီနေ့မှာ သူက ကွင်းလယ်ဘယ်ခြမ်းမှာ ကစားခဲ့ပြီး ဗင်နီနဲ့လည်း ကောင်းကောင်း ပူးပေါင်းကစားနိုင်ခဲ့ပါတယ်"ဟု ချီးကျူးခဲ့သည်။

ဗင်နီစီယပ်စ်သည် ယခုရာသီတွင် ပြိုင်ပွဲစုံ (၁၈)ဂိုးသွင်းကာ (၈)ဂိုး ဖန်တီးခဲ့ပြီး ပြိုင်ပွဲစုံ ဂိုးပါဝင်ပတ်သက်မှု မှာ (၂၆)ဂိုးအထိ ရှိလာခဲ့သည်။ ထို့ပြင်ပြိုင်ပွဲစုံ (၄)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်မှုမှာလည်း ၂၀၂၂ နိုဝင်ဘာလ နောက်ပိုင်း ပထမဆုံးဖြစ်ခဲ့သည်။ "ကျွန်တော့်အဖို့ သာမကဘဲ အသင်းအတွက် ကြီးကျယ်ခမ်းနားတဲ့ ပွဲတစ်ပွဲပါပဲ။  ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ ဘောလုံးရာသီတစ်ခု ရှိနေပါတယ်။ ခံစစ်ပိုင်းက အရမ်းကောင်းပြီး တိုက်စစ်မှာလည်း အင်အားရှိလာသလို ဂိုးတွေလည်း ပိုသွင်းလာနိုင်တယ်။ ကျွန်တော့်ကစားပုံ ပိုတိုးတက်အောင်နဲ့ အတွင်းထဲအထိ ဝင်ကစားကာ ဂိုးပိုသွင်းနိုင်အောင် အမြဲကြိုးစားလေ့ ရှိပါတယ်။ ဘောလုံးရာသီတိုင်းမှာ ကျွန်တော့်အနေနဲ့ ဂိုးတွေ ပိုမိုသွင်းနိုင်ဖို့ လုပ်ဆောင်နေပါတယ်"ဟု ဗင်နီစီယပ်စ်က ပြောကြားခဲ့သည်။

Most Read

Most Recent