မည်သည့်အချိန်၊ မည်သည့်ဖိုက်တာနှင့်မဆို ထိုးသတ်မည်ဟု ONE Championship ၏ မေးခွန်းအပေါ် အောင်လအန်ဆန် တုံ့ပြန်

မည်သည့်အချိန်၊ မည်သည့်ဖိုက်တာနှင့်မဆို ထိုးသတ်မည်ဟု ONE Championship ၏ မေးခွန်းအပေါ် အောင်လအန်ဆန် တုံ့ပြန်
Photo: DJ Fusion
Photo: DJ Fusion
Published 11 March 2024

ကချင်တိုင်းရင်းသား MMA ဖိုက်တာ အောင်လအန်ဆန်က မည်သည့်အချိန်၊ မည်သည့်ဖိုက်တာနှင့်မဆို ထိုးသတ်မည်ဟု ONE Championship ၏ မေးခွန်းအပေါ် တုံ့ပြန်ပြောဆိုခဲ့သည်။

ONE Championship သည် ပြီးခဲ့သည့်ရက်ပိုင်းက အောင်လအန်ဆန်နှင့်  မကြာမီထိုးသတ်မည့်ဖိုက်တာမှာ မည်သူနည်းဟု ပရိသတ်များအား ၎င်းတို့၏ တရားဝင် Facebook လူမှုကွန်ရက်မှနေ၍ မေးခွန်းထုတ်ခဲ့သည်။

ONE Championship ၏ ယင်းမေးခွန်းအောက်တွင် အောင်လအန်ဆန်က ''ငါနဲ့ မကြာခင် ထိုးမယ့်သူက ဘယ်သူလဲ၊ မင်းသိပါတယ် ONE Championship၊ ငါက ဘယ်အချိန်၊ ဘယ်ဖိုက်တာနဲ့မဆို ထိုးမှာပါ''ဟု ပြန်လည်ရေးသားတုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်နှင့် ONE Championship တို့အကြား စာချုပ်သက်တမ်းတိုးရေးကိစ္စရပ်မှာ ပြီးခဲ့သည့် ဇန်နဝါရီ(၂၈) ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပပြုလုပ်သည့် ONE 165 ပြိုင်ပွဲအပြီးတွင် နှစ်ဖက်သဘောတူညီမှုရရှိခဲ့ပြီဖြစ်သည်။

အောင်လအန်ဆန်နှင့် ONE Championship တို့ ချုပ်ဆိုထားသည့် စာချုပ်သစ်မှာ(၆) ပွဲဖြစ်ပြီး (၁၂) လအတွင်း (၃) ပွဲထိုးသတ်ခွင့်ပေးရမည့် အချက်ပါဝင်ကြောင်း သိရသည်။

အောင်လအန်ဆန်သည် သူ၏ အနီးစပ်ဆုံးပွဲနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောဆိုထားခြင်း မရှိသော်လည်း လာမည့် လအနည်းငယ်အတွင်း သူ၏ပွဲကို မြင်တွေ့ရလိမ့်မည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

အောင်လအန်ဆန်သည် ONE Championship နှင့် စာချုပ်ကိစ္စရပ်အတွက် သဘောတူညီမှုမရမီက လာမည့်ဧပြီတွင် ၎င်း၏ပွဲကိုမြင်တွေ့ရမည်ဟု ပြောကြားထားသည်။

ONE မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်လုပွဲအဖြစ် ပြီးခဲ့သည့်မတ်(၁) ရက်က လက်ရှိချန်ပီယံ ဒီရစ်ဒါနှင့် စိန်ခေါ်သူ မာလီခင်တို့၏ပွဲကို ကာတာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ရာ မာလီခင်က အလဲထိုးဖြင့် အနိုင်ရပြီး ONE Championship ၏ ဟဲဗီးဝိတ်၊ လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ်တန်းသုံးခု၏ တစ်ဦးတည်းသော ချန်ပီယံဖြစ်လာခဲ့သည်။

အောင်လအန်ဆန်သည် သူ၏ မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကို ပြန်လည်ရယူမည်ဟု အစောပိုင်းကတည်းကပင် ကြွေးကြော်ထားသော်လည်း လက်ရှိ မစ်ဒယ်ဝိတ်ချန်ပီယံ မာလီခင်က အောင်လအန်ဆန်နှင့် မထိုးသတ်လိုကြောင်း တရားဝင်ထုတ်ဖော်ပြောကြားထားသည်။

ထို့ကြောင့် အောင်လအန်ဆန်သည် လာမည့်ဧပြီအတွင်း ၎င်း၏ပွဲဖြစ်မြောက်လာမည်ဆိုပါက မာလီခင်နှင့် ထိုးသတ်ရမည့် မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်လုပွဲ ဖြစ်လာနိုင်ဦးမည်မဟုတ်ဘဲ စိန်ခေါ်ပွဲသာ ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း သိရ သည်။

အောင်လအန်ဆန်သည် ONE နှင့် လက်တွဲခဲ့စဉ်အတွင်း MMA ပွဲပေါင်း(၁၉) ပွဲ ထိုးသတ်ခဲ့ရာ (၁၅) ပွဲနိုင်၊ (၄) ပွဲရှုံးနိမ့်ခဲ့ပြီး လိုက်ဟဲဗီးဝိတ်တန်းနှင့်  မစ်ဒယ်ဝိတ်တန်းတို့ ၏ ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သည်။

Most Read

Most Recent