အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းတွင် ရေကြီးမှုဖြစ်ပွားပြီး လူ ၅၀ သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းတွင် ရေကြီးမှုဖြစ်ပွားပြီး လူ ၅၀ သေဆုံး
မေ ၁၁ ရက်က အာဖဂန်နစ္စတန်နိုင်ငံ ဘက်ဂလန်းပြည်နယ်ရှိ ကျေးရွာတွင် အမျိုသားများက ရွှံ့များဖုံးလွှမ်းနေသော နေအိမ်တစ်အိမ်ကို ရှင်းလင်းနေစဉ်(Photo: AFP)
မေ ၁၁ ရက်က အာဖဂန်နစ္စတန်နိုင်ငံ ဘက်ဂလန်းပြည်နယ်ရှိ ကျေးရွာတွင် အမျိုသားများက ရွှံ့များဖုံးလွှမ်းနေသော နေအိမ်တစ်အိမ်ကို ရှင်းလင်းနေစဉ်(Photo: AFP)
Published 18 May 2024

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းရေ ကြီးမှုဖြစ်ပွားပြီး လူပေါင်းရာချီသေဆုံးခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာတွင် နိုင်ငံအနောက်ပိုင်း၌ ရေကြီးမှုဖြစ်ပွားပြီး သေဆုံးသူ ၅၀ ထက်မနည်းရှိသည်ဟု ပြည်နယ်ရဲတပ်ဖွဲ့က မေ ၁၈ ရက်တွင်ပြောကြားခဲ့သည်။

မေ ၁၇ ရက်က ရေကြီးမှုကြောင့်နေအိမ် ၂၀၀၀ ခန့်ပျက်စီးခဲ့ပြီး နောက်ထပ်နေအိမ် နှင့်စီးပွားရေးလုပ်ငန်း ထောင်ချီထိခိုက်မှုများရှိခဲ့သည်ဟု ဂေါပြည်နယ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလ်ရာမန်ဘက်ဒရီက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဒဏ် ခံနိုင်ရည်အလွန်အားနည်းသော အာဖဂန်နစ္စတန်နိုင်ငံတွင် နိုင်ငံမြောက်ပိုင်း ဘက်လန်းပြည်နယ်၌ မေ ၁၀ ရက်က ရေကြီးမှုဖြစ်စဉ်အတွင်း အသက်ရှင်သန်သူများက ပျောက်ဆုံးနေသည့် ဆွေမျိုးများကို ဆက်လက်ရှာဖွေနေချိန်တွင် နိုင်ငံအနောက်ပိုင်း၌ ရေကြီးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မေ ၁၇ ရက်က ရေကြီးမှုကြောင့် ဂေါပြည်နယ်က ဒေသခံအယောက် ၅၀ သေဆုံးခဲ့ပြီး နောက်ထပ်လူအများအပြား ပျောက်ဆုံးနေပါတယ်”ဟုဘက်ဒရီက ဆိုသည်။

“ဒီလိုဆိုးရွားတဲ့ ရေကြီးရေလျှံမှုကြောင့်  ကျွဲ၊နွားထောင်ချီသေဆုံးခဲ့ပါတယ်။ စိုက်ပျိုးမြေဟက်တာပေါင်းရာချီ၊ တံတားပေါင်းရာချီနဲ့ မြေအောက်ပိုင်းလိုင်းများစွာ ပျက်စီးခဲ့တဲ့အပြင် အပင်ပေါင်းထောင်ချီပြိုလဲခဲ့ပါတယ်” ဟု ၎င်းကထပ်မံပြောကြားခဲ့သည်။

ပြည်နယ်အတွင်းသို့ ဆက်သွယ်ထားသော အဓိကလမ်းများပိတ်ဆို့ခဲ့ပြီး လမ်းပန်း ဆက်သွယ်ရေးပြတ်တောက်ခဲ့သည်။

“ဒါက အရေးပေါ်အခြေအနေတစ်ရပ်ပါ”ဟု ပြည်နယ်၏သဘာဝဘေးအန္တရာယ်စီ မံခန့်ခွဲရေးဌာနအကြီးအကဲ အဘူအိုဘိုင်ဒူလာက ပြောကြားခဲ့သည်။

ပြည်နယ်မြို့တော်ချက်ချာရန် အပါအဝင် ပြည်နယ်ရှိ ခရိုင်အများအပြား ရေဘေးသင့်ခဲ့သည်ဟု အိုဘိုင်ဒူလာကဆိုသည်။

“ဒီအခြေအနေက အရမ်းစိုးရိမ်ရပါတယ်”ဟု ၎င်းက အေအက်ဖ်ပီသတင်းကို ပြောကြားခဲ့ပြီး ရေဘေးသင့်ဒေသခံများသည် အမိုးအကာ၊ အစားအစာနှင့် သောက်သုံးရေလိုအပ်လျက်ရှိသည်ဟု ၎င်းကထပ်မံပြောကြားခဲ့သည်။

အိမ်များနှင့်လမ်းများကို ရွှံ့များဖုံးလွှမ်းစေခဲ့သော ယခုလအစောပိုင်းက ရေကြီးရေလျှံမှု၏ ရလဒ်ကြောင့် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂ၏ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်(WFP)နှင့် တာလီဘန်တာ ဝန်ရှိသူများက ပြောကြားခဲ့သည်။

လမ်းများနှင့် တံတားများ ပျက်စီးမှုကြောင့် ကယ်ဆယ်ရေးအားထုတ်ကြိုးပမ်းမှုများကို အနှောင့်အယှက်ဖြစ်စေပြီး ကုလသမဂ္ဂအေဂျင်စီများနှင့် တာလီဘန်အာဏာပိုင်များက သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း သတိပေးခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် ယခုနွေဦးကာလအတွင်း ပျမ်းမျှမိုးရေချိန်အထက် ရောက်ရှိနေသည်ဟု ရေအရင်းမြစ်စီမံခန့်ခွဲ ရေးကျွမ်းကျင်ပညာရှင် မိုဟာမက်အက်ဆမ်မေရာက ပြောကြားခဲ့သည်။

ဧပြီလလယ်ပိုင်းမှစ၍ မေလအစောပိုင်းအထိ အာဖဂန်နစ္စတန်၏ ပြည်နယ် ၁၀ ခုတွင် ရေကြီးရေလျှံမှုကြောင့် လူ ၁၀၀ ခန့် သေဆုံးခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

လူဦးရေ သန်း၄၀ ကျော်၏ ၈၀ ရာခိုင်နှုန်းသည် လယ်ယာစိုက်ပျိုးရေးကို မှီခိုနေရသော အာဖဂန်နစ္စတန်နိုင်ငံတွင် လယ်ယာမြေများသည် ရေနစ်မြှုပ်ခဲ့သည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကို တိုက်ဖျက်ရန် ကြိုတင်ပြင်ဆင်မှုအနည်းဆုံးနိုင်ငံများတွင် အပါအဝင်ဖြစ်သည့် အာဖဂန်နစ္စတန်နိုင်ငံတွင် ကာလကြာရှည် မိုးခေါင်မှုဖြစ်ပွားခဲ့ပြီးနောက် မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပွားကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။

Ref: AFP

Most Read

Most Recent