ယူကရိန်းအရှေ့ပိုင်း ဒိုးနက်ဒေသတွင် တိုက်ပွဲများပြင်းထန်ကြောင်း ယူကရိန်း ပြောကြား

ယူကရိန်းအရှေ့ပိုင်း ဒိုးနက်ဒေသတွင် တိုက်ပွဲများပြင်းထန်ကြောင်း ယူကရိန်း ပြောကြား
ယူကရိန်း၏ ဒိုးနက်ဒေသတွင် ရှေ့တန်းထွက်ရန်ပြင်ဆင်နေသည့် ယူကရိန်းစစ်သားတစ်ဦးကို တွေ့ရစဉ်(Photo: AFP)
ယူကရိန်း၏ ဒိုးနက်ဒေသတွင် ရှေ့တန်းထွက်ရန်ပြင်ဆင်နေသည့် ယူကရိန်းစစ်သားတစ်ဦးကို တွေ့ရစဉ်(Photo: AFP)
Published 15 June 2024

ယူကရိန်းအရှေ့ပိုင်းဒိုးနက်ဒေသတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး ရုရှားတပ်ဖွဲ့များသည် ပိုခရော့ဗ်စ် စစ်မြေပြင်တွင် ၎င်းတို့၏ လက်နက်စွမ်းရည်ကို စုစည်းနေကြောင်း ယူကရိန်းက ဇွန် ၁၄ ရက်တွင် ပြော ကြားခဲ့ပြီး ညအချိန်တိုက်ခုက်မှုများကြောင့် အရပ်သား ၆ ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

၂၀၂၂ ခုနှစ်ကုန်ပိုင်းက ရုရှားကလက်အောက်ခံပြုခဲ့သည့် စက်မှုဒေသဖြစ်သည့် ဒိုးနက်တွင် ရုရှားတပ်ဖွဲ့များသည် နယ်မြေအသာစီးရမှုများရှိခဲ့သည်။

“ရန်သူတွေဟာ ပိုခရော့ဗ်စ် စစ်မြေပြင်က ယူကရိန်းခံစစ်ကို အပြင်းအထန်တိုက်ခိုက်နေပါတယ်”ဟု ယူကရိန်းစစ်တပ်က မွန်းလွဲပိုင်းသတင်းထုတ်ပြန်မှုတွင် ပြောကြားခဲ့သည်။

“အခြေအနေက ပြင်းထန်နေပါတယ်။ ဒါပေမယ့်ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ စစ်သားတွေဟာ ယူကရိန်းရဲ့ နယ်မြေထဲကို ရန်သူတွေ နက်နက်ရှိုင်းရှိုင်းဝင်ရောက်မလာ နိုင်အောင်ဟန့်တားဖို့ ကြိုးပမ်းနေပါတယ်”ဟု ယူကရိန်းစစ်တပ်က ထုတ်ပြန်ခဲ့သည်။

ဒိုးနက်ဒေသ၏ ရှေ့တန်းစစ်မြေပြင်အနီးရှိ ဆီလီဒို့ဗ်မြို့တွင် ရုရှား၏ညအချိန် လေ ကြောင်းတိုက်ခိုက်မှုများကြောင့် လူခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု အရာရှိများက ပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အခင်းဖြစ်သည့်နေရာသို့ အေအက်ဖ်ပီဂျာနယ်လစ်များက ရောက်ရှိခဲ့ချိန်တွင် စူပါမားကက်တစ်ခု ထိခိုက်ပျက်စီးနေမှုကို မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။

ပေါက်ကွဲမှုပြင်းအားကြောင့် အနီးနားရှိ အဆောက်အအုံတစ်ခုလည်း ထိခိုက်ပျက်စီးခဲ့ပြီး လမ်းပေါ်ရှိ လူနေအဆောက်အအုံများ ပြတင်းပေါက်များ ကွဲသွားခဲ့သည်ဟု အေအက်ဖ်ပီသတင်းထောက်များက ပြော သည်။

အသက် ၅၇ နှစ်အရွယ် ဒေသခံတစ်ဦးဖြစ်သည့် အိုလက်ဆိုသူက ဇွန်  ၁၃ ရက် ည ၉ နာရီခန့်တွင် ကျယ်လောင်သည့် ဆူညံသံတစ်ခုကြားခဲ့ရကြောင်း၊ ပေါက်ကွဲသံမကြားရခင်အချိန်အထိ ရဟတ်ယာဉ်များပျံသန်းနေသည်ဟု ထင်ခဲ့မိကြောင်း ပြောကြားခဲ့သည်။

လွတ်မီလာအမည်ရှိ အမျိုးသမီးတစ်ဦးကလည်း ပေါက်ကွဲမှုကြောင့် သူ့တိုက်ခန်းမှ ပြတင်းပေါက်များ ထိခိုက်ပျက်စီးခဲ့ချိန်တွင် ထိတ်လန့်တုန်လှုပ်မိကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းနှင့် ရုရှားသည် ဇွန် ၁၄ ရက် ညအချိန်တွင် ဒရုန်းများ၊ ဒုံးကျည်တိုက်ခိုက်မှုများ အပြန်အလှန်ပြုလုပ်ခဲ့သည်။

မကြာသေးမီသတင်းပတ်များအတွင်း ယူကရိန်းနှင့်ရုရှားသည် နယ်စပ်ဖြတ်ကျော် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ယူကရိန်းကရုရှား၏ စွမ်းအင်စက်ရုံများကို ပစ်မှတ်ထားခဲ့ကာ ရုရှားကလည်း အလားတူ တုံ့ပြန်တိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

ရုရှားနိုင်ငံတောင်ပိုင်း ဘယ်ဂိုရော့ဒေသရှီဘက်ကီနိုမြို့တွင် ယူကရိန်း၏ လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲမှုကြောင့် ငါးထပ်တိုက်၏ အစိတ်အပိုင်းတစ်ခုထိခိုက်ခဲ့ကာ လူနှစ်ဦး သေဆုံးခဲ့သည်။

ထို့ပြင် ယူကရိန်းစစ်ပွဲအတွင်း စစ်ဆင်ရေးများကို လုပ်ဆောင်နေသည့် စစ်ဌာနချုပ်များတည်ရှိရာ နိုင်ငံတောင်ပိုင်း ရော့စတော့ဗ်ဒေသတွင်လည်း ယူကရိန်း၏ ဒရုန်း ၈၇ စင်းကို ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ထိုတိုက်ခိုက်မှုများကြောင့် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်ခဲ့သည်ဟု ဆိုသည်။                     

Ref: AFP