ထိုင်ဝမ်သမ္မတသည် ထိုင်ဝမ်ကို စစ်ပွဲဖြစ်ပွားမည့်အခြေအနေဆီသို့ တွန်းပို့နေကြောင်း တရုတ် သတိပေး

ထိုင်ဝမ်သမ္မတသည် ထိုင်ဝမ်ကို စစ်ပွဲဖြစ်ပွားမည့်အခြေအနေဆီသို့ တွန်းပို့နေကြောင်း တရုတ် သတိပေး
မေ ၂၃ ရက်က ထိုင်ဝမ်ကျွန်းမြောက်ပိုင်း ပန်ကျားကျွန်းအနီးတွင် တရုတ်စစ်သင်္ဘောတစ်စင်းကို တွေ့ရစဉ်(Photo:AFP)
မေ ၂၃ ရက်က ထိုင်ဝမ်ကျွန်းမြောက်ပိုင်း ပန်ကျားကျွန်းအနီးတွင် တရုတ်စစ်သင်္ဘောတစ်စင်းကို တွေ့ရစဉ်(Photo:AFP)
Published 25 May 2024

ထိုင်ဝမ်သမ္မတလိုင်ချင်တယ်သည် ထိုင်ဝမ်ကျွန်းကို စစ်ပွဲဖြစ်ပွားမည့် အခြေအနေသို့ ရောက်ရှိစေရန် တွန်းပို့နေ သည်ဟု တရုတ်က မေ ၂၄ ရက်တွင် သတိပေးခဲ့ပြီး တရုတ်အနေဖြင့် နောက်ထပ် ရန်စခံရမည်ဆိုပါက တန် ပြန်အစီအစဉ်များကို ပိုမိုတိုးမြှင့်သွားမည်ဟု ပြောကြားခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးဝန်းကျင်တွင် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်နေချိန်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ထိုင်ဝမ်ဒေသက ခေါင်းဆောင် စတင်ရုံးထိုင်ခဲ့ပြီးကတည်းက တရုတ်တစ်နိုင်ငံတည်းမူဝါဒက အပြင်းအထန် စိန်ခေါ်ခံခဲ့ရပြီး ထိုင်ဝမ်က ကျွန်တော်တို့ရဲ့ တစ်ပြည်တည်းသားချင်းတွေကို စစ်ပွဲဖြစ်ပွားစေမယ့် အန္တ ရာယ်များတဲ့ အခြေအနေဆီ တွန်းပို့ပေးနေပါတယ်”ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချင်က အစီရင်ခံစာထဲတွင် ပြောကြားခဲ့သည်။

“ဒါက မီးနဲ့ကစားနေတာပါပဲ။ မီးနဲ့က စားတဲ့သူဟာ မီးလောင်ခံရမှာသေချာပါတယ်” ဟု ဝူက ပြောကြားခဲ့ သည်။

မေ ၂၄ ရက်က တရုတ်စစ်သင်္ဘောများ နှင့် တိုက်လေယာဉ်များသည် ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှု ဒုတိယမြောက်နေ့ကို ဆက်လက်လုပ်ဆောင်နေပြီး ထိုစစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်ကိုသိမ်းရန် စွမ်းဆောင် ရည်များကို စမ်းသပ်ခြင်းဖြစ်ကြောင်း တရုတ်က ပြောကြားခဲ့သည်။

ထိုင်ဝမ်လွတ်လပ်ရေးအတွက် တွန်းအားပေးလုပ်ဆောင်နေသည့် အင်အားစုများက တရုတ်ကို ရန်စခဲ့မည် ဆိုပါက တရုတ်အနေဖြင့် တန်ပြန်အစီအစဉ်များကို တိုးမြှင့်ပြုလုပ်သွားမည်ဟု ဝူက သတိပေးခဲ့သည်။

“အမိမြေနဲ့ အပြည့်အဝ ပြန်လည်ပေါင်းစည်းတဲ့အချိန်အထိ ကျွန်တော်တို့ရဲ့ တန်ပြန်အစီအစဉ်တွေကို တိုးမြှင့်လုပ်ဆောင်သွားမှာပါ”ဟု ဝူက ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ အရှေ့ပိုင်းစစ်နယ်ဝန်း ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှီသူ လီရှီက လည်း ထိုင်ဝမ်ကျွန်းအနီးတွင် နှစ်ရက်ကြာပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုများသည် အဓိက နယ်နိမိတ်များကို ထိန်းချုပ်ပြီး ပူးတွဲတိုက်ခိုက်ရေးစွမ်းရည်၊ ပူးတွဲသိမ်းပိုက်ရေးစွမ်းရည်များကို စမ်းသပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် မေ ၂၃ ရက် နံနက်ပိုင်းကစတင်ပြီး ရေတပ်သင်္ဘောများနှင့် စစ်လေယာဉ်များနှင့်အတူ စစ်ရေးလေ့ကျင့်မှုများ စတင်ပြုလုပ်ခဲ့ပြီး ထိုင်ဝမ်ကျွန်းပေါ်တွင် ထိုင်ဝမ်၏ လွတ်လပ်ရေး အင်အားစုများ၏ သွေးချောင်းစီးသွားလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“Joint Sword -2024 A”ဟု အမည်ပေးထားသည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်၌ သမ္မတသစ်လိုင် ချင်တယ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လိုင်၏ ကျမ်းသစ္စာကျိန် ဆိုပွဲမိန့်ခွန်းကို တရုတ်က ရှုတ်ချခဲ့သည်။

တရုတ်သည် ထိုင်ဝမ်အပေါ် စစ်အင်အားပြ ခြိမ်းခြောက်နှောင့်ယှက်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ကာ မကြာသေး မီလများအတွင်း မိုးပျံပူဖောင်းများ၊ ဒရုန်းများနှင့် အရပ်ဘက်သုံး သင်္ဘောများကို ထိုင်ဝမ်အနီး တစ်ဝိုက်သို့ အဆက်မပြတ် စေလွှတ်လျက်ရှိကြောင်း မတ်လ ၇ ရက်တွင် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

တရုတ်က ကိုယ့်မင်းကိုယ့်ချင်းအုပ်ချုပ်နေသည့် ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာ ပြောဆို ထားပြီး ၎င်း၏ ထိန်းချုပ်မှုအောက်သို့ အင်အားသုံး၍ ပြန်လည်သွတ်သွင်းမည့် အခြေအနေကိုလည်း ငြင်းပယ်ခြင်း မရှိပေ။

ပြီးခဲ့သည့် ထိုင်ဝမ်ရွေးကောက်ပွဲရလဒ်က ထိုင်ဝမ်သည် တရုတ်၏ပိုင်နက်ဖြစ်သည် ဟူသောအချက်ကို ပြောင်းလဲစေခြင်းမရှိကြောင်းလည်း တရုတ်က ပြောကြားထားသည်။

                                                         Ref:AFP

Most Read

Most Recent