ဂါဇာကမ်းမြောင်တွင် ဟားမာ့စ်-အစ္စရေး စစ်ဖြစ်နေချိန် အစ္စရေးစစ်ကော်မတီဝန်ကြီး ဘင်နီဂန့်ဇ် ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု အစိုးရအဖွဲ့မှ နုတ်ထွက်

ဂါဇာကမ်းမြောင်တွင် ဟားမာ့စ်-အစ္စရေး စစ်ဖြစ်နေချိန် အစ္စရေးစစ်ကော်မတီဝန်ကြီး ဘင်နီဂန့်ဇ် ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု အစိုးရအဖွဲ့မှ နုတ်ထွက်
 ရုပ်သံမိန့်ခွန်းပြောကြားစဉ် နုတ်ထွက်ကြောင်းကြေညာခဲ့သည့် ဘင်နီဂန့်ဇ်ကို ဇွန် ၉ ရက်တွင်တွေ့ရစဉ်(Photo:AFP)
ရုပ်သံမိန့်ခွန်းပြောကြားစဉ် နုတ်ထွက်ကြောင်းကြေညာခဲ့သည့် ဘင်နီဂန့်ဇ်ကို ဇွန် ၉ ရက်တွင်တွေ့ရစဉ်(Photo:AFP)
Published 10 June 2024

အစ္စရေးစစ်ကော်မတီဝန်ကြီး ဘင်နီဂန့်ဇ်သည် ဇွန် ၉ ရက်တွင် ဝန်ကြီးချုပ်ဘင်ဂျမင် နေတန်ယာဟု၏ အစိုးရအဖွဲ့မှနုတ်ထွက် သွားပြီဖြစ်ရာ ဂါဇာစစ်ပွဲ ဖြစ်ပွားနေချိန်တွင် အစ္စရေးခေါင်းဆောင်အပေါ် ပြည်တွင်းရေး ဆိုင်ရာ ဖိအားများ ပုံကျလာခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်းနှင့်ကာကွယ်ဝန်ကြီးဟောင်း ဂန့်ဇ်သည် မေလထဲတွင် ၎င်းတောင်းဆိုခဲ့သည့် စစ်ပွဲအပြီး ဂါဇာအတွက် အစီအမံများကို နေတန်ယာဟု အကောင်အထည်မဖော်နိုင်ခြင်းကြောင့် အရေးပေါ်အစိုးရအဖွဲ့မှ နုတ်ထွက်ခြင်းဖြစ်သည်။ အဆိုပါ အစီအမံများကို ဝန်ကြီးချုပ်နေတန်ယာဟု က မေလထဲတွင် အတည် ပြုထားခဲ့သည်။

၎င်းနုတ်ထွက်သွားခြင်းက အစ္စရေးအစိုးရအဖွဲ့ ပြိုကွဲသွားစေမည်ဟု မမျှော်လင့်ရပေ။  အစ္စရေးအစိုးရအဖွဲ့သည် ဘာသာရေးဆိုင်ရာပါတီများနှင့် အစွန်းရောက်မျိုးချစ်ပါတီများပါဝင်သော ညွန့်ပေါင်းအစိုးရ အဖွဲ့ဖြစ်သည်။ သို့ရာတွင် ဂန့်ဇ်ထွက်သွားခြင်းသည် ဟားမာ့စ်နှင့်ဖြစ်ပွားနေသော ဂါဇာစစ်ပွဲ အချိန်ရှစ်လအကြာတွင် ဝန်ကြီးချုပ်ဘင်ဂျ မင်နေတန်ယာဟုအတွက် ပထမဆုံး နိုင်ငံရေးဆိုင်ရာ ထိုးနှက်ချက်ကြီးကို အမှတ်အသားပြုလျက်ရှိသည်။

နေတန်ယာဟုသည် ယခုအခါ လက်ယာစွန်း မိတ်ဖက်ပါတီများကို ပိုမိုမှီခိုရနိုင် သည့်အနေအထား ဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။

စစ်တပ်အကြီးအကဲဟောင်းဖြစ်ပြီး ဂန့်ဇ်ပါတီ၏ ပါတီဝင်ဖြစ်သော ဂါဒီအိုက်ဆင် နော့သည်လည်း စစ်ကော်မတီမှ နုတ်ထွက်ခဲ့သောကြောင့် ယခုအခါ စစ်ကော်မတီတွင် အဖွဲ့ဝင်သုံးဦးသာ ကျန်ရှိတော့သည်။ အစ္စရေးစစ်ကော်မတီသည် စစ်ပွဲနှင့်သက်ဆိုင်သော အရေးပါသည့်ဆုံးဖြတ်ချက်များကို ချမှတ်သည်။

“နေတန်ယာဟုဟာ စစ်မှန်တဲ့အောင်ပွဲဆီကိုသွားဖို့ ကျွန်တော်တို့ကို ဟန့်တားနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အရေးပေါ်အစိုးရအဖွဲ့ကနေ ဒီနေ့ပဲ  စိတ်လေးလေးနဲ့ ထွက်လိုက်ရတာဖြစ်ပါတယ်”ဟု ဂန့်ဇ်က ပြောကြားခဲ့သည်။

“သဘောတူထားပြီးသားဖြစ်တဲ့ ရွေးကောက်ပွဲရက်စွဲကို သတ်မှတ်ပါလို့ နေတန်ယာဟုကို ကျွန်တော်တောင်းဆိုပါတယ်။ ကျွန်တော်တို့ရဲ့ပြည်သူတွေကို အစိတ်အမြွှာအမြွှာဖြစ်အောင် မလုပ်ပါနဲ့”ဟု ဂန့်ဇ်က ပြောကြားခဲ့သည်။

“ဘန်နီ၊ စစ်ပွဲကို စွန့်ခွာရမယ့် အချိန်မဟုတ်ပါဘူး။ အတူတကွ အလုပ်လုပ်ကြရမယ့် အချိန်ဖြစ်ပါတယ်”ဟု မိနစ်ပိုင်းအတွင်းတွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက တုံ့ပြန်ခဲ့သည်။

ဇွန် ၉ ရက်တွင် အသက် ၆၅ နှစ်ပြည့်သွားသော ဂန့်ဇ်သည် နေတန်ယာဟု၏ အစိုးရအဖွဲ့ဆင်းသွားသည့်အခါ ညွန့်ပေါင်းအစိုးရဖွဲ့ရန် ရေပန်းစားသူအဖြစ် ရှုမြင်ခံထားရသည်။ ထို့ကြောင့် ရွေးကောက်ပွဲများကို စော စောကျင်းပရန် ၎င်းက တောင်းဆိုထားသည်။

၎င်း၏ နိုင်ငံရေးအမြင်မျှသော အမျိုးသားညီညွတ်ရေးပါတီက အစ္စရေးပါလီမန်ဖြစ်သည့် Knesset ကို ဖျက်သိမ်းရန်နှင့် ရွေးကောက်ပွဲများကို စောစောကျင်းပပေးရန် လွန်ခဲ့သောသီတင်းပတ်တွင် ဥပဒေကြမ်းကို တင်သွင်းခဲ့သည်။

ဟားမာ့စ်ဖမ်းဆီးထားသော ဓားစာခံ အားလုံးလွတ်မြောက်ရေးအတွက် သဘောတူညီချက်ရအောင် ဆောင်ရွက်ရန် ဂန့်ဇ်က တောင်းဆိုထားသည်။                    

Ref:AFP

Most Read

Most Recent