ဘူရွန်ဒီတွင် ကလေးများအကြား mpox ကူးစက်ပျံ့နှံ့မှုနှုန်း စိုးရိမ်ဖွယ်မြင့်တက်နေ

ဘူရွန်ဒီတွင် ကလေးများအကြား mpox ကူးစက်ပျံ့နှံ့မှုနှုန်း စိုးရိမ်ဖွယ်မြင့်တက်နေ
သြဂုတ် ၂၈ ရက်က ဘူရွန်ဒီနိုင်ငံတွင် mpox ရောဂါကူးစက်မှုမှ ပြန်လည်ကောင်းမွန်သွားသော်လည်း အမာရွတ်ကျန်ခဲ့သည့် ကလေးငယ်တစ်ဦးကို တွေ့ရစဉ်(Photo:Reuters)
သြဂုတ် ၂၈ ရက်က ဘူရွန်ဒီနိုင်ငံတွင် mpox ရောဂါကူးစက်မှုမှ ပြန်လည်ကောင်းမွန်သွားသော်လည်း အမာရွတ်ကျန်ခဲ့သည့် ကလေးငယ်တစ်ဦးကို တွေ့ရစဉ်(Photo:Reuters)
Published 23 September 2024

ဘူရွန်ဒီနိုင်ငံရှိ ကလေးများအကြား mpox ကူးစက်ပျံ့နှံ့လျက်ရှိပြီး ယင်းသေဆုံးစေနိုင်သည့် ကူးစက်ရောဂါသည် လူငယ်လူဦးရေအကြား ကူးစက်မှုနှုန်း စိုးရိမ်ဖွယ်မြင့် တက်နေသည်ဟု ကုလသမဂ္ဂ၏ ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့(UNICEF)က စက်တင်ဘာ ၂၀ ရက်တွင် သတိပေးပြောကြားခဲ့သည်။

“ကူးစက်ခံရသူ ၆၀၀ နီးပါးရဲ့ သုံးပုံနှစ်ပုံဟာ အသက် ၁၉ နှစ်အောက်ကလေးတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သုံးပတ်ကျော်လောက်က အခြေအနေတွေဟာ အလျင်အမြန် မြင့်တက်လာခဲ့ပြီး ကူးစက်မှု ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်လာပါတယ်”ဟု အာဖရိကအရှေ့ပိုင်းနှင့်တောင်ပိုင်းဆိုင်ရာ UNICEF ၏ ဒေသဆိုင်ရာကျန်းမာရေး အကြံပေး ဒေါက်တာပေါလ်အန်ဝါကူမ်က ဂျနီဗာရှိ သတင်းထောက်များကို ဗီဒီယိုဖုန်းခေါ်ဆို၍ သတင်း စာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ဘူရွန်ဒီသို့ လက်ရှိအချိန်တွင် ရောက်ရှိနေသော အန်ဝါကူမ်က “ဒီကျန်းမာရေး အကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ မိဘတွေရဲ့ အကြောက်တရားတွေနဲ့ ဒေသခံအသိုင်းအဝိုင်းတွေရဲ့ ခံနိုင်ရည်တွေအပြင် ရောဂါကူးစက်မှု မြင့်တက်လာတာတွေကို မြင်တွေ့နေရပါတယ်”ဟု ပြောကြားခဲ့သည်။

အသက်ငါးနှစ်အောက် ကလေးများအကြား mpox ကူးစက်မှုမြင့်တက်လာခြင်းသည် အထူးသဖြင့် စိုးရိမ်စရာကောင်းကြောင်းနှင့် ကလေးများတွင် ကူးစက်မှုဖြစ်စဉ်သည် ကူးစက်မှုများ၏ ၃၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ၎င်းက ဆိုသည်။

ယခုသီတင်းပတ်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန် ဖြစ်သောကြောင့် ကလေးများကို ရောဂါကူးစက်မခံရစေရန် ကာကွယ်မှုများကို အရေးပေါ်လုပ်ဆောင်ရန် လိုအပ်နေကြောင်း ၎င်းက အလေးပေး ပြောကြားခဲ့သည်။

“UNICEF အနေနဲ့ စာသင်ကျောင်းတွေမှာ ကျန်းမာရေးစီမံချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ပညာရေးဝန်ကြီးဌာနကို ထောက်ပံ့ပေးနေပြီး mpox ရဲ့ အစောပိုင်း လက္ခဏာတွေကို သိရှိနိုင်ဖို့ ဝန်ထမ်းတွေကို လေ့ကျင့်ပေးနေတဲ့အပြင် လက်သန့်ရှင်းရေးကို အလေးပေးဆောင်ရွက်နေပါတယ်။ ကလေးအားလုံး စာသင်ကျောင်းဆီ ဘေးကင်းစွာ ပြန်လာနိုင်ရေး၊ ပညာရေးမှာ အနှောင့်အယှက်ဖြစ်မှု အနည်းဆုံး ဖြစ်စေရေးကို ရည်ရွယ်လုပ်ဆောင်နေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ဆိုးရွားသော အခြေအနေကြားမှ ဘူရွန်ဒီတွင် mpox ကြောင့် သေဆုံးသူမရှိကြောင်း လေ့လာတွေ့ရှိခဲ့သည်ဟု ဆိုသည်။ယင်းသည် ကူးစက်မှုကို အချိန်တိုအတွင်း အဆုံးသတ်နိုင်ရန် အခွင့်အလမ်းတစ်ရပ် ဖြစ်စေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

“ပထဝီဝင်ဧရိယာကို အကန့်အသတ်နဲ့ရှိစေပြီး မိတ်ဖက်အားလုံးကလည်း ကြိုးစားပမ်းစား ဆောင်ရွက်နေတဲ့ အတွက် ကျွန်တော်တို့တွေ ကူးစက်မှုတွေကို အကန့်အသတ်နဲ့ ရှိနေစေပြီး သေဆုံးသူမရှိဘဲ ကူးစက်မှုကိုအ ဆုံးသတ်နိုင်ခြေ ရှိနေပါတယ်”ဟု အန်ဝါကူမ် က ပြောကြားခဲ့သည်။

“ကူးစက်မှုတွေကို ထိန်းချုပ်နိုင်မယ့် အချိန်နဲ့ပတ်သက်ပြီး အတိအကျပြောဖို့ ဆိုတာကတော့ ခက်ခဲပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

“mpox ရောဂါကူးစက်မှုတွေကို တုံ့ပြန်တဲ့နေရာမှာ ကူးစက်ခံရတဲ့ နေရာတွေရဲ့လုံခြုံမှုမရှိတဲ့ အခြေအနေတွေ၊ ဝက်သတ်နဲ့ ရေကျောက်လိုမျိုး အခြားရောဂါတွေကြောင့် ပိုမိုခက်ခဲမှု တွေရှိပါတယ်။ WHO အနေနဲ့ ဒီကူးစက်မှု တွေကို ရပ်တန့်ဖို့ မြေပြင်မှာ ကူညီလုပ်ဆောင်ပေးနေပါတယ်”ဟု WHO ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမာဂရက် ဟားရစ်က ဆိုသည်။

အာဖရိကတွင် ယခုနှစ်အတွင်း mpox ကူးစက်မှုဖြစ်စဉ် ၂၅,၀၀၀ ကျော်နှင့် ကူးစက်သူများအကြား သေဆုံးသူ ၇၂၃ ဦးရှိသည်ဟု WHO က ထုတ်ပြန်ထားသည်။

Ref:Reuters

Most Read

Most Recent