ရုရှား၏ထိုးစစ် ပိုမိုပြင်းထန်လာနိုင်ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်စကီး ပြောကြား

ရုရှား၏ထိုးစစ် ပိုမိုပြင်းထန်လာနိုင်ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်စကီး ပြောကြား
မေ ၁၇ ရက်က ကိယက်ဗ်မြို့တော်ရှိ သမ္မတရုံးတွင် အေအက်ဖ်ပီသတင်းဌာနနှင့် အင်တာဗျူးပြုလုပ်နေသည့် ယူကရိန်းသမ္မတ ဇယ်လန်စကီးကို တွေ့ရစဉ်(Photo: AFP)
မေ ၁၇ ရက်က ကိယက်ဗ်မြို့တော်ရှိ သမ္မတရုံးတွင် အေအက်ဖ်ပီသတင်းဌာနနှင့် အင်တာဗျူးပြုလုပ်နေသည့် ယူကရိန်းသမ္မတ ဇယ်လန်စကီးကို တွေ့ရစဉ်(Photo: AFP)
Published 18 May 2024

ရုရှားသည် ၎င်း၏ထိုးစစ်ကို အရှိန်မြှင့်တင်ဖွယ်ရှိကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးက မေ ၁၇ ရက်တွင် အေအက်ဖ်ပီသတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် သတိပေးခဲ့ပြီး ပဋိပက္ခကို လျှင်မြန်စွာအဖြေရှာရန် အနောက်နိုင်ငံများက တိုက်တွန်းနေသည့်တိုင် ယူကရိန်းသည် မျှတသည့် ငြိမ်ချမ်းရေးကိုသာ လက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မဟာမိတ်နိုင်ငံများအနေဖြင့် အကြီးစားလေကြောင်းကာကွယ်ရေးနှင့် တိုက်လေယာဉ်များကို ပိုမိုထောက်ပံ့ပေးရန် ဇယ်လန်စကီးက ထပ်တလဲလဲ တိုက်တွန်းခဲ့ပြီး ရုရှား၏ နယ်နိမိတ်ကိုတိုက်ခိုက်ရာတွင် ယူကရိန်းသည် အနောက်နိုင်ငံများက ထောက်ပံ့ပေးထားသည့် လက်နက်များကို အသုံးပြုခွင့်ပိတ် ပင်ခံထားရခြင်းက ရုရှားအတွက် အကြီးမားဆုံး အားသာချက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

စစ်စည်းရုံးရေးဥပဒေသည် မေ ၁၈ ရက်တွင် အသက်ဝင်လာမှုနှင့်အတူ ယူကရိန်းစစ်တပ်အတွင်း စစ်မှုထမ်းအင်အားနှင့် စိတ်ဓာတ်အင်အားပိုင်းတွင် ပြဿနာအချို့ရှိနေကြောင်း ဝန်ခံခဲ့သည်။

ယူကရိန်းစစ်ပွဲသည် နှစ်နှစ်ကျော်ကြာမြင့်လာချိန်တွင် ယူကရိန်းစစ်တပ်၏လူအင်အားနှင့် လက်နက်အင်အားမှာ လျော့နည်းလာခဲ့သည်။

မကြာသေးမီလများအတွင်းက ရုရှားစစ်သားများသည် ယူကရိန်း၏နယ်မြေများကို တစ်ဆင့်ချင်းစီ ထိန်းချုပ်နိုင်ခဲ့ပြီး မေ ၁၀ ရက်က ခါကိဗ်ဒေသတွင် စတင်သည့် ထိုးစစ်တွင် ယူကရိန်းအရှေ့မြောက်ဘက် နယ်စပ်ဒေသတစ်လျှောက် ကြီးမားသည့်နယ်မြေများကို ထိန်းချုပ်နိုင်ခဲ့သည်။

သို့သော် ယူကရိန်းသည် ၎င်း၏ခံစစ်စည်းများကို ထိန်းထားနိုင်ခဲ့ပြီး ရုရှားအားကြီးမားသည့် အောင်မြင်မှုမရရှိစေရန် ဟန့်တားမည်ဖြစ်ကြောင်း ဇယ်လန်စကီးက ပြောကြားခဲ့သည်။

“ဘယ်သူကမှ အရှုံးပေးမှာ မဟုတ်ပါဘူး”ဟု ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ရုရှား၏ တိုက်ခိုက်မှုကို ခုခံတော်လှန်နေသည့် ယူကရိန်းသမ္မတ ဇယ်လန်စကီးက ပြောကြားခဲ့သည်။

ပါရီအားကစားပွဲတော်ကာလအတွင်း အိုလံပစ်အပစ်အခတ်ရပ်စဲမှုပြုလုပ်ရန် ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်၏ တိုက်တွန်းချက်ကို ဇယ်လန်စကီးကငြင်းပယ်ခဲ့ပြီး ထိုသို့လုပ်ဆောင်မည်ဆိုပါက ရုရှားအတွက် စစ်သားများနှင့် အမြောက်တပ်များစုစည်းရန်အချိန်ပေးသကဲ့သို့ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းနှင့် အနောက်မဟာမိတ်နိုင်ငံများသည် စံတန်ဖိုးသတ်မှတ်မှုတူညီသော်လည်း တစ်ခါတစ်ရံတွင် အမြင်များ ကွဲလွဲခဲ့ကြောင်း အထူးသဖြင့် ပဋိပက္ခကို အဆုံးသတ်ရေးနှင့်ပတ်သက်ပြီး အမြင်မတူကြကြောင်း ဇယ်လန်စကီးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ အနောက်နိုင်ငံတွေ စိုးရိမ်နေတဲ့ အဓိပ္ပာယ်မရှိတဲ့ အခြေအနေတစ်ခုကို ရောက်ရှိနေပါတယ်။ ရုရှားက စစ်ရှုံးပါလိမ့်မယ်။ ယူကရိန်းကိုတော့ စစ်မရှုံးစေချင်ကြပါဘူး”ဟု ဇယ်လန်စကီးက ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်းစစ်ပွဲသည် ကိုရီးယားကျွန်းဆွယ်ကဲ့သို့ နှစ်ခြမ်းကွဲသည့် ပုံစံမျိုးဖြင့်အဆုံးသတ်ဖွယ်ရှိမရှိ မေးမြန်းခံရချိန်တွင် ဇယ်လန်စကီးက“လူတိုင်းကတော့ စစ်ပွဲကိုမြန်မြန်ဆန်ဆန် အဆုံးသတ်စေဖို့ နည်းလမ်း တစ်ခုကိုရှာဖွေချင်နေကြပါတယ်”ဟု ဖြေကြားခဲ့သည်။

Ref: AFP

Most Read

Most Recent