ထိုင်းနိုင်ငံတွင် ပြည်ပနိုင်ငံသားများ နေထိုင်နိုင်အောင် တရားမဝင် အကူအညီပေးနေသည့် ကွန်ရက်တစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ပြီး လူဒါဇင်ပေါင်းများစွာကို ဖမ်းဆီး

ထိုင်းနိုင်ငံတွင် ပြည်ပနိုင်ငံသားများ နေထိုင်နိုင်အောင် တရားမဝင် အကူအညီပေးနေသည့် ကွန်ရက်တစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ပြီး လူဒါဇင်ပေါင်းများစွာကို ဖမ်းဆီး
ပုံစာ- ခွင့်ပြုချက်မရှိဘဲ စီးပွားရေးလုပ်ကိုင်နေသည်ဟု သံသယရှိသည့် ပြည်ပနိုင်ငံသားများကို မေ ၃၁ ရက်က ဘန်ကောက်မြို့ရှိ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို၌ ခေါ်ယူစစ်ဆေးနေစဉ်
ပုံစာ- ခွင့်ပြုချက်မရှိဘဲ စီးပွားရေးလုပ်ကိုင်နေသည်ဟု သံသယရှိသည့် ပြည်ပနိုင်ငံသားများကို မေ ၃၁ ရက်က ဘန်ကောက်မြို့ရှိ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို၌ ခေါ်ယူစစ်ဆေးနေစဉ်
Published 3 June 2024
Ref:AP

ထိုင်းနိုင်ငံတွင် ကာလကြာရှည် နေထိုင်နိုင်အောင် အမည်ခံကုမ္ပဏီများ သို့မဟုတ် ဟန်ပြကုမ္ပဏီများကို အသုံးချ၍ ရုရှားနိုင်ငံသားအများစုအပါအဝင် ပြည်ပနိုင်ငံသားများကို တရားမဝင် အကူအညီပေးနေသည့် ကြီးမားသော ကွန်ရက်တစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့သည်ဟု သိရသည်။

၂၀၁၂ ခုနှစ်က ထိုင်းနိုင်ငံသို့ရောက်ရှိလာသည့် အသက် ၄၅ နှစ်အရွယ် ရုရှားအမျိုးသမီးတစ်ဦးက ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်တွင် ကုမ္ပဏီပေါင်း ၂၇၀ ကျော်၏ အမှုဆောင် သို့မဟုတ် ရှယ်ယာရှင်အဖြစ် အမည်ပေါက်သည့် ထိုင်းအမျိုးသမီးတစ်ဦးနှင့်အတူ ယင်းအကြံအစည်ကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ပြည်ပနိုင်ငံသားများအနေဖြင့် စီးပွားရေးလုပ်ကိုင်နိုင်သော်လည်း သတ်မှတ်ထားသည့် ကိစ္စများမှအပ ထိုင်းနိုင်ငံသား ပါတနာတစ်ဦးဦးနှင့် ဖက်စပ်လုပ်ကိုင်ရမည်ဖြစ်ကာ ပြည်တွင်းစျေးကွက် ယှဉ်ပြိုင်မှုကို ကာကွယ်သည့်အနေဖြင့် ပြည်ပနိုင်ငံသားများသည် အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းထက် ကျော်လွန်၍ ပိုင်ဆိုင်ခွင့်မရှိပေ။

ယင်းတရားခံများသည် နိုင်ငံခြားသားများကို ထိုင်းပါတနာတစ်ဦးနှင့် စီးပွားရေးလုပ်ကိုင်နေသည့် ရှယ်ယာရှင်တစ်ဦးအဖြစ်သော်လည်းကောင်း၊ ထိုင်းနိုင်ငံသားများ ပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုက အလုပ်ခန့်အပ်ခြင်းခံရသူအဖြစ်သော်လည်းကောင်း အမည်စာရင်းသွင်းကာ အလုပ်လုပ်ခွင့်ပါမစ်ရရှိစေရန် ဝန်ဆောင်မှုပေးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုများနှိမ်နင်းရေးဌာန အကြီးအကဲ Puttidej Bunkrapue က ပြောကြားသည်။

ရုရှားနိုင်ငံသား ၆၈ ဦးအပါအဝင် စုစုပေါင်း နိုင်ငံခြားသား ၉၈ ဦးသည် ခွင့်ပြုချက်မရှိဘဲ စီးပွားရေးလုပ်ကိုင်မှုဖြင့် တရားစွဲဆိုခံထားရပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်သုံးနှစ်နှင့် ဒဏ်ငွေဘတ်တစ်သန်း (ဒေါ်လာ ၂၇၀၀၀) ကျခံရနိုင်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ထို့အပြင် ထိုင်းနိုင်ငံသား ၃၇ ဦးသည်လည်း အဆိုပါကွန်ရက်နှင့် ဆက်နွှယ်နေသည့် ပြစ်မှုများဖြင့် တရားစွဲဆိုခံထားရကြောင်း သိရသည်။

အဆိုပါကွန်ရက်သည် ၂၀၁၆ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ဖွယ်ရှိသော်လည်း ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း အလုပ်အပ်သူ သိသိသာသာ ပိုများလာသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

မေ ၃၁ ရက်အထိ နိုင်ငံခြားသား ၅၀ ဦးထက်မနည်းကို တရားဝင်စွဲချက်တင်ထားကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိချုပ် ကရစ်ဝိုရာတက်က ဆိုသည်။

ဖူးခက်သည် ထိုင်းနိုင်ငံတွင် ခရီးသွားများကို အဓိကဆွဲဆောင်ထားသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်ပြီး ရုရှားနိုင်ငံသားများကြားတွင်လည်း အထူးပင်လူသိများသည်။ ၂၀၁၉ ခုနှစ်မှစ၍ ၂၀၂၄ ခုနှစ် အစောပိုင်းအထိ ဖူးခက်ခရိုင်သို့ လာရောက်သည့် ရုရှားနိုင်ငံသား ၉၀၀၀၀ ကျော်ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့၏ အဆိုအရ သိရသည်။

ဖူးခက်တွင် ရုရှားနိုင်ငံသားများက မှတ်ပုံတင်ထားသည့် ကုမ္ပဏီအရေအတွက်မှာလည်း သိသိသာသာ တိုးလာခဲ့ပြီး ၂၀၂၃ မှ ၂၀၂၄ ခုနှစ် အစောပိုင်းအထိ ရုရှားနိုင်ငံသားများ၏အမည်ဖြင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း ၁၆၀၀ ကျော်ရှိလာသည်ဟု ထိုင်းတာဝန်ရှိသူများက ဆိုသည်။        

Most Read

Most Recent