ဗီယက်နမ်နှင့် တရုတ်၊ ရုရှားတို့၏ ဆက်ဆံရေးကို တန်ပြန်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ဗီယက်နမ်သမ္မတနှင့် တွေ့ဆုံ

ဗီယက်နမ်နှင့် တရုတ်၊ ရုရှားတို့၏ ဆက်ဆံရေးကို တန်ပြန်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ဗီယက်နမ်သမ္မတနှင့် တွေ့ဆုံ
နယူးယောက်မြို့၌ ကျင်းပသည့် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံပြင်ပ၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်(ယာ)နှင့် ဗီယက်နမ်သမ္မတ တိုလမ်(ဝဲ)တို့ သီးခြားတွေ့ဆုံနေပုံကို စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ်(Photo: AFP)
နယူးယောက်မြို့၌ ကျင်းပသည့် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံပြင်ပ၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်(ယာ)နှင့် ဗီယက်နမ်သမ္မတ တိုလမ်(ဝဲ)တို့ သီးခြားတွေ့ဆုံနေပုံကို စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ်(Photo: AFP)
Published 26 September 2024

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် စက်တင်ဘာ ၂၅ ရက်က ဗီယက်နမ်သမ္မတ တိုလမ်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဘိုင်ဒင်အနေဖြင့် ကုန်ထုတ်လုပ်မှု ဗဟိုချက်ဖြစ်သော ဗီယက်နမ်နိုင်ငံနှင့် ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်း တိုးမြှင့်ရန်နှင့် တရုတ်၊ ရုရှားတို့နှင့် ဗီယက်နမ်အကြား ဆက်ဆံရေးကို တန်ပြန်ရန်ရည်ရွယ်သည်။

 နယူးယောက်မြို့၌ ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံပြင်ပတွင် ဘိုင်ဒင်နှင့် လမ်တို့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ လမ်သည် ဗီယက်နမ်သမ္မတအဖြစ် အမေရိကန်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်သည်။

လမ်က Meta အပါအဝင် အမေရိကန် ကုမ္ပဏီကြီးများမှ ကိုယ်စားလှယ်များနှင့်လည်း ယခုသီတင်းပတ်အတွင်း တွေ့ဆုံခဲ့သည်။ လူဦးရေ သန်း ၁၀၀ ရှိသော ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွားမည်ဟု Meta က ကတိပြုထားသည်။

ဗီယက်နမ်အား Non-Market Economies နိုင်ငံစာရင်းမှ ဖယ်ရှားပေးရေးနှင့် အခြားသော ကုန်သွယ်ရေးကန့်သတ်ချက်များ ရုပ်သိမ်းပေးရေးအတွက် အမေရိကန်အစိုးရအား တွန်းအားပေးလျက်ရှိသည့် ဗီယက်နမ်၏ ကြိုးပမ်းမှုများနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးမှု ကွင်းဆက်တွင် အမေရိကန်-ဗီယက်နမ်ပူးပေါင်းဆောင်ရွက်မှုအတွက် ထောက်ခံရန် လမ်ကစီးပွားရေး ခေါင်းဆောင်များကို ပန်ကြားခဲ့သည်။

အမေရိကန်အနေဖြင့် ဗီယက်နမ်၏ လူ့အခွင့်အရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ စိုးရိမ်မှုများ ရှိနေသော်လည်း လွန်ခဲ့သည့် တစ်နှစ်က ဘိုင်ဒင်ဟနွိုင်းသို့ သွားရောက်သည့် ခရီးစဉ်အတွင်း တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ ဓာတ်သတ္တုနှင့် နှစ်နိုင်ငံသံတမန် ဆက်ဆံရေးအဆင့်မြှင့်တင်ရန်အတွက် သဘောတူညီချက်များ ရယူနိုင်ခဲ့သည်။

စက်တင်ဘာ ၂၅ ရက်က ဘိုင်ဒင်နှင့် တွေ့ဆုံစဉ်လမ်က နှစ်နိုင်ငံဆက်ဆံရေး အဆင့်မြှင့်တင်ရာတွင် ဘိုင်ဒင်က သမိုင်းဝင်ပံ့ပိုးမှုများပြုလုပ်ခဲ့သည်ဟု ချီးကျူးပြောဆိုခဲ့သည်။

ယမန်နှစ်က နှစ်နိုင်ငံဆက်ဆံရေးအတွက် ခေတ်သစ်တစ်ခုကို အစပြုခဲ့ချိန်မှစ၍ အမေရိကန်နှင့် ဗီယက်နမ်တို့သည် တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် ထုတ်လုပ်ဖြန့်ဖြူးမှု ကွင်းဆက်တို့တွင် သမိုင်းတွင်မည့် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ခဲ့ကာ ဆိုက်ဘာလုံခြုံရေးနယ်ပယ်တွင်လည်း မကြုံဖူးလောက်သည့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခဲ့သည်ဟု ဘိုင်ဒင်က ဆိုသည်။

ထို့ပြင် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်နှင့် တရားဥပဒေစိုးမိုးရေးအတွက် ကတိကဝတ်များနှင့် ပတ်သက်၍လည်း တညီတညွတ်တည်းရှိခဲ့ကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားရာတွင် ဘိုင်ဒင်ကအားလုံး အတူတကွ လုပ်ဆောင်မည်ဆိုလျှင် မလုပ်နိုင်သော အရာဟူ၍မရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

လမ်သည် စက်တင်ဘာ ၂၄ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားခဲ့ပြီး ဗီယက်နမ်၏ ကာလရှည် ကွန်မြူနစ် မိတ်ဖက်နိုင်ငံဖြစ်သော ကျူးဘားအပါအဝင် ပြည်ပခရီးစဉ်များကို သွားရောက် မည်ဖြစ်ကြောင်း သိရသည်။

လမ်၏ ခရီးစဉ်မတိုင်မီ ဗီယက်နမ်အာဏာပိုင်များက အထင်ကရ တက်ကြွလှုပ်ရှားသူအချို့အား ပြစ်ဒဏ်ကာလမစေ့မီ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။   

Ref: Reuters

Most Read

Most Recent