တရုတ်၏ စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်က ဂျက်တိုက်လေယာဉ်များ အရေးပေါ်ပျံတက်ကာ စစ်တပ်နှင့် ကမ်းခြေစောင့်တပ်ကို တပ်လှန့်ထား

တရုတ်၏ စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်က ဂျက်တိုက်လေယာဉ်များ အရေးပေါ်ပျံတက်ကာ စစ်တပ်နှင့် ကမ်းခြေစောင့်တပ်ကို တပ်လှန့်ထား
မေ ၂၃ ရက်က ထိုင်ဝမ်မြောက်ပိုင်းရှိ လေတပ်အခြေစိုက်စခန်းတစ်ခု၌ ဆင်းသက်ရန်ပြင်ဆင်နေသည့် ထိုင်ဝမ်လေတပ်မှ Mirage-2000 အမျိုးအစား ဂျက်တိုက်လေယာဉ်တစ်စင်းကို တွေ့ရစဉ်(Photo: AFP)
မေ ၂၃ ရက်က ထိုင်ဝမ်မြောက်ပိုင်းရှိ လေတပ်အခြေစိုက်စခန်းတစ်ခု၌ ဆင်းသက်ရန်ပြင်ဆင်နေသည့် ထိုင်ဝမ်လေတပ်မှ Mirage-2000 အမျိုးအစား ဂျက်တိုက်လေယာဉ်တစ်စင်းကို တွေ့ရစဉ်(Photo: AFP)
Published 23 May 2024

ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်က စစ်ရေးလေ့ကျင့်မှုများ စတင်ပြုလုပ်နေခြင်းကိုတုံ့ပြန်ရန် ထိုင်ဝမ်က ဂျက်တိုက်လေယာဉ်များ အရေးပေါ်ပျံတက်ကာ ရေတပ်နှင့်ကြည်းတပ်တပ်ဖွဲ့ဝင်များ၊ ဒုံးလက်နက်တပ်ဖွဲ့ဝင် များကို တပ်လှန့်ထားခဲ့သည်။

လွတ်လပ်ရေးအတွက် ကြိုးပမ်းနေသည့် ခွဲထွက်ရေးအင်အားစုများကို ဒဏ်ခတ်သည့်အနေဖြင့် ထိုင်ဝမ်ကျွန်းတစ်ဝိုက်တွင် နှစ်ရက်ကြာစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်လျက်ရှိကြောင်း တရုတ်စစ်တပ်က ပြောဆိုထားသည်။

ဒေသစံတော်ချိန် နံနက် ၇ နာရီ ၄၅ မိ နစ်တွင် တရုတ်က စစ်ရေးလေ့ကျင့်မှုများ စတင်ခဲ့ပြီး ထိုင်ဝမ်ရေလက်ကြား၊ ထိုင်ဝမ်ကျွန်း၏ မြောက်ဘက်၊ တောင်ဘက်နှင့် အရှေ့ဘက်တို့တွင် ပြုလုပ်လျက်ရှိကြောင်း တရုတ်စစ်တပ်က ပြောကြားသည်။

တရုတ်က ကိုယ့်မင်းကိုယ့်ချင်းအုပ်ချုပ်နေသည့် ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာပြောဆိုထားပြီး ၎င်း၏ ထိန်းချုပ်မှုအောက်သို့ အင်အားသုံး၍ ပြန်လည်သွတ်သွင်းမည့် အခြေအနေကိုလည်း ငြင်းပယ်ခြင်းမရှိပေ။ ပြီးခဲ့သည့် ထိုင်ဝမ်ရွေးကောက်ပွဲရလဒ်က ထိုင်ဝမ်သည် တရုတ်၏ပိုင်နက်ဖြစ်သည်ဟူသော အချက်ကို ပြောင်းလဲစေခြင်း မရှိကြောင်းလည်း တရုတ်ကပြော ကြားထားသည်။

ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်သည် ခွဲထွက်ရေးသမား ဖြစ်သည်ဟု တရုတ်က ရှုတ်ချထားသည်။

တရုတ်သည် ထိုင်ဝမ်အပေါ် စစ်အင်အားပြ ခြိမ်းခြောက်နှောင့်ယှက်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ကာ မကြာသေးမီလများအတွင်း မိုးပျံပူဖောင်းများ၊ ဒရုန်းများနှင့် အရပ်ဘက်သုံးသင်္ဘောများကို ထိုင်ဝမ်အနီးတစ်ဝိုက်သို့ အဆက်မပြတ်စေလွှတ်လျက်ရှိကြောင်း မတ်လ ၇ ရက်တွင် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

တရုတ်၏ အကြောင်းမဲ့ ရန်စခြင်းသည် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိခိုက်ပျက်ပြားစေသည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ထိုင်ဝမ်အနေဖြင့် ထိပ်တိုက်ပဋိပက္ခဖြစ်အောင် လုပ် ဆောင်မည်မဟုတ်သော်လည်း ကြောက်ရွံ့နေမည်မဟုတ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေ ၂၀ ရက်က ပြုလုပ်သည့် ထိုင်ဝမ်သမ္မတ ရာထူးအပ်နှင်းပွဲတွင် သမ္မတသစ်လိုင်ချင်းတယ်က ထိုင်ဝမ်၏ ဒီမိုကရေစီကို ကာကွယ်သွားမည်ဟု ကတိပြုခဲ့ပြီး ထိုင်ဝမ်အပေါ် စစ်ရေးအရ ခြိမ်းခြောက်မှုများကို ရပ် တန့်ရန်လည်း တရုတ်ကို တိုက်တွန်းခဲ့သည်။

၎င်း၏အစိုးရအနေဖြင့် အလျှော့ပေးခြင်း သို့မဟုတ် ရန်စခြင်းတို့ကို လုပ်ဆောင်မည်မဟုတ်ဘဲ ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ကာ တရားဝင်လွတ်လပ်ရေး ကြေညာခြင်းမရှိသည့် ရှိရင်းစွဲ အခြေအနေကို ဆက်လက်ထိန်းသိမ်းမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

ရေတပ်နှင့် လေတပ်၏ စွမ်းဆောင်ရည်နှင့် ပစ်မှတ်များကို ချေမှုန်းကာ စစ်မြေပြင်ကို ထိန်းချုပ်အနိုင်ယူသည့် ပူးပေါင်းတိုက်ခိုက်ရေးစွမ်းရည်များကို စမ်းသပ်ရန် ထိုင်ဝမ်အနီးတစ်ဝိုက်တွင် ကြည်း၊ရေ၊လေ ပူးပေါင်းစစ် ရေးလေ့ကျင့်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)၏ အရှေ့ပိုင်းစစ်နယ်ဝန်းကွပ် ကဲမှုဌာနချုပ်က ၎င်း၏ တရားဝင် ဝေပိုလူမှုမီဒီယာအကောင့်တွင် ထုတ်ပြန်ခဲ့သည်။

“ဒါဟာ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေတဲ့ ခွဲထွက်ရေးအင်အားစုတွေကို ပြင်းပြင်းထန်ထန်ဒဏ်ခတ်မှုဖြစ်ပြီး ကြားဝင်စွက်ဖက်ကာ ရန်စနေတဲ့ ပြည်ပအင်အားစုတွေကိုပြင်းပြင်းထန်ထန် သတိပေးခြင်းလည်းဖြစ်တယ်” ဟု ထုတ်ပြန်ခဲ့သည်။             

Ref: AP        

         

         

         

 

 

Most Read

Most Recent