ညွန့်ပေါင်းအစိုးရဖွဲ့ရေး သဘောတူညီမှုရရှိပြီးနောက် သုံးကြိမ်မြောက် ရာထူးသက်တမ်းကို ဆက်လက်တာဝန်ယူရန် အိန္ဒိယဝန်ကြီးချုပ်မိုဒီ ပြင်ဆင်နေ

ညွန့်ပေါင်းအစိုးရဖွဲ့ရေး သဘောတူညီမှုရရှိပြီးနောက် သုံးကြိမ်မြောက် ရာထူးသက်တမ်းကို ဆက်လက်တာဝန်ယူရန် အိန္ဒိယဝန်ကြီးချုပ်မိုဒီ ပြင်ဆင်နေ
Published 6 June 2024
Ref:AP

အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် စံချိန်တင်အဖြစ် တတိယမြောက် ရာထူးသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုရန် ပြင်ဆင်လျက်ရှိစဉ် အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်နှင့် အခြားနိုင်ငံများက ၎င်းထံ ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့သည်။

မိုဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီ ဘာယာတီယာ ဂျနာတာပါတီသည် မဟာမိတ်ပါတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မိုဒီကို အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်အဖြစ် တညီတညွတ်တည်း တင်မြှောက်ခဲ့သည်။ မိုဒီသည် ဇွန် ၈ ရက်တွင် နောက်ထပ်ဝန်ကြီးချုပ် ရာထူးသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုဖွယ်ရှိကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြလျက်ရှိသည်။

ရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ထုတ်ပြန်သည့် ရလဒ်များအရ BJP ဦးဆောင်သော အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDA) သည် လွှတ်တော်၏အမတ်နေရာ ၅၄၃ နေရာအနက် ၂၉၄ နေရာရရှိခဲ့ပြီး အမတ်နေရာအများစုရရှိရန် လိုအပ်သည့်အရေအတွက်ဖြစ်သည့် ၂၇၂ နေရာထက် ကျော်လွန်ခဲ့သော်လည်း မူလကမျှော်မှန်းထားသည်ထက် များစွာလျော့နည်းနေသည်။

BJP ပါတီသည် အမတ်နေရာ ၂၄၀ သာရရှိခဲ့ခြင်းကြောင့် တစ်ပါတီတည်းက အမတ်နေရာအများစုကို ရယူနိုင်ခဲ့ခြင်းမရှိဘဲ ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာ ၃၀၃ နေရာအထိ စံချိန်တင်ရရှိခဲ့စဉ်ကထက် သိသိသာသာလျော့နည်းနေသည်။

မိုဒီသည် နောက်ထပ်ရာထူးသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ ဇွန် ၅ ရက်က အိန္ဒိယသမ္မတ ဒရူပါဒီမာမူနှင့် တွေ့ ဆုံခဲ့ပြီး ဓလေ့ထုံးစံအတိုင်း ၎င်း၏အစိုးရအဖွဲ့နှင့်အတူ နုတ်ထွက်စာတင်ခဲ့သည်။

ရွေးကောက်ပွဲ အနိုင်ရလဒ်အတွက် နီပေါနှင့် ဘူတန်အပါအဝင် ဒေသတွင်းနိုင်ငံများ၏ ခေါင်းဆောင်များက မိုဒီထံ ဂုဏ်ပြုသဝဏ်လွှာများ အဦးဆုံးပေးပို့ခဲ့ပြီး အိမ်ဖြူတော်ကလည်း အိန္ဒိယ၏ တက်ကြွသော ဒီမိုကရေစီ ဖြစ်စဉ်အတွက် ချီးကျူးဂုဏ်ပြုခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အိန္ဒိယအထွေထွေရွေးကောက်ပွဲတွင် သမိုင်းဝင်အောင်ပွဲကို ရရှိခဲ့သည့် မိုဒီနှင့် ၎င်း၏ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့အား ဂုဏ်ပြုခဲ့ပြီး လူ့သမိုင်းတွင် အကြီးမားဆုံး ဒီမိုကရေစီဖြစ်စဉ်တွင် တက်ကြွစွာပါဝင်ခဲ့ခြင်းအတွက် အိန္ဒိယပြည်သူများကိုလည်း ချီးကျူးခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း မိုဒီနှင့် တယလီဖုန်းပြောဆိုခဲ့ပြီး ၎င်းအား လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုခဲ့သည်။ မိုဒီကလည်း အိန္ဒိယနှင့် ရုရှားနိုင်ငံအကြား အလွန်ဂုဏ်ယူစရာကောင်းသည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ လက်ရှိအခြေအနေကို ကျေနပ်အားရကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မော်နင်ကလည်း BJP ပါတီ၏အောင်ပွဲအတွက် ဂုဏ်ပြုပြောကြားခဲ့သည်။

“တရုတ်နဲ့ အိန္ဒိယရဲ့ဆက်ဆံရေး ခိုင်မာတည်ငြိမ်ခြင်းဟာ နှစ်နိုင်ငံလုံးအတွက် အကျိုးဖြစ်ထွန်းစေရုံတင်မကဘဲ ဒေသတွင်းနဲ့ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုစေမှာဖြစ်တယ်” ဟုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောကြားခဲ့သည်။

Most Read

Most Recent